မန်မာ့ရေနက်ဆိပ်ကမ်းများ၏ အလားအလာ
ဒေါက်တာ စုစုသာထွန်း
ရေနက်ဆိပ်ကမ်းတစ်ခုဖြစ်ရန် အဓိကလိုအပ်ချက်များမှာ ရေစူးအနက်လုံလောက်မှု၊ လေဒဏ်၊ လှိုင်းဒဏ်ကာကွယ်နိုင်နှုနှင့် သင်္ဘောအဝင်အထွက်လမ်းကြောင်း ကောင်းမွန်မှုတို့ ဖြစ်ပေသည်။ ဤအချက်သုံးချက်နှင့်ပြည့်စုံကာ ရေနက်ဆိပ်ကမ်းကောင်းဖြစ်ရန် အလားအလာရှိသော မြန်မာနိုင်ငံ၏ဆိပ်ကမ်းများမှာ အနောက်ဘက်ကမ်းရိုးတန်းတွင် ကျောက်ဖြူဆိပ်ကမ်းနှင့် အရှေ့ဘက် ကမ်းရိုးတမ်းတွင်ကုလားကုတ်ဆိပ်ကမ်း၊ ထားဝယ်ဆိပ်ကမ်းနှင့် ဘုတ်ပြင်းဆိပ်ကမ်းတို့ဖြစ်ပေသည်။
အခြားတစ်ဖက်တွင်လည်း အောင်မြင်သော သို့မဟုတ် လုပ်ငန်းလည်ပတ်မှုရှိသော နေနက်ဆိပ်ကမ်းဖြစ်ရန်မှာ ယင်းရေနက်ဆိပ်ကမ်းကို အသုံးပြုနိုင်ရန်အတွက် နေနက်ဆိပ်ကမ်း၏ ကျောထောက်နောက်ခံဒေသများတွင် ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သော စီးပွားးရေးလုပ်ငန်းကြီးများရှိရန် လိုပေသည်။ လက်အခြေအနေတွင် အထက်၌ဖော်ပြခဲ့သော အလားအလာရှိသည့် ရေနက်ဆိပ်ကမ်းများ၏ ကျောထောက်နောက်ခံ ဒေသများတွင်၊ ယင်းရေနက်ဆိပ်ကမ်းကို အသုံးပြုနိုင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေအဆင့်အတန်းများမရှိသေးရာ အခြားအဆုံးပြုနိုင်သည့် သို့မဟုတ် အသုံးပြုရန် လိုလားသည့်အဖွဲ့အစည်း သို့မဟုတ် နိုင်ငံများရှိမှသာ အောင်မြင်သည့် ရေနက်ဆိပ်ကမ်းများဖြစ်လာနိုင်မည်ဖြစ်ပါသည်။
ယခုအချိန်တွင် အိမ်နီးချင်းနိုင်ငံများက စိတ်ဝင်းစားမှု အနည်းနှင့်အများဆိုသလိုရှိသော မြန်မာ့ရေနက်ဆိပ်ကမ်းနှစ်ခုမှာ အနောက်ဘက်ကမ်းရိုးတန်းရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အရှေ့ဘက်ကမ်းခြေရှိ ထားဝယ်ရေနက်ဆိပ်ကမ်းတို့ဖြစ်ကြသည်။ သို့ဖြစ်၍ ဤျရေနက်ဆိပ်ကမ်းနှစ်ခု၏ အခြေအနေကို အောက်တွင် လေ့လာတင်ပြသွားမည်ဖြစ်ပါသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း
ကျောက်ဖြူ၏ရေနက်ဆိပ်ကမ်းဖြစ်ရန် အလားအလာရှိမှုအခြေအနေကို ဦးစွာသုံးသပ်ခဲ့သူမှာ ၁၉၂၀ - ၂၁ ခုနှစ်တွင်းက ကျောက်ဖြူတွင် အရေးပိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ
မော်ရစ်ကောလစ် (Morris Collis)ဖြစ်ပါသည်။ ၎င်းသည် ၁၉၂၁ ခုနှစ် နွေရာသီကာလတွင် စင်္ကာပူကို ဗြိတသျှတို့၏ အရှေ့ဖျားရေကြောင်းခံတပ်အဖြစ် တည်ဆောက်ရန် လန်ဒန်ရှိ
ရေကြောင်းဆိုင်ရာ ဝန်ကြီးရုံး (The Admiralty) ၌ စဉ်းစားမည့် အစည်းအဝေးတစ်ရပ် ခေါ်ယူထားချိန်တွင် ကျောက်ဖြူကို ခံတပ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားသင့်ကြောင်း အကျိုးအကြောင်း
စုံလင်စွာဖြင့် တင်ပြခဲ့လေသည်။ သို့သော် ဝန်ကြီးရုံး၏ ပြန်ကြားချက်မှာ လူကြီးမင်း၏ တင်ပြချက်ကို အလေးထား၍စဉ်းစားပါမည်ဟု ဖြစ်လေသည်။
ကျောက်ဖြူတိုက်ပွဲု (Battle of Kyaukpyu, Ramree Island) ၏ သက်သေ
ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာသည့်အခါတွင် ၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကျောက်ဖြူတိုက်ပွဲ (Battle of Kyaukpyu) သည် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။
အောက်ပါ သင်္ဘောများစာရင်းက ကျောက်ဖြူ (Harbour) သင်္ဘောဆိပ်သည် မည်မျှကျယ်ပြန့်၍ (Battle Ship) အပါအဝင် စစ်သင်္ဘောတစ်ရာကျော်နှင့် လေယာဉ်တင်သင်္ဘောကြီးများ
ကိုပင် လက်ခံနိုင်ကြောင်း လက်တွေ့သက်သေပြခဲ့လေသည်။
တိုက်ပွဲ၌ ပါဝင်သည့် စစ်သင်္ဘောများ
(က) ရေကြောင်းအထောက်အကူအုပ်စု (Support Group)
(၁) ကွိန်းအယ်လီဇဘတ် --- Battle Ship
(၂) ဖိုးဘီ ------------------ Cruiser
(၃) ရယ်ပစ် --------------- Destroyer
(၄) ဖလင်မိန်ဂို ------------ Sloop
(၅) ကစ္စန ----------------- Sloop
(၆) နေပီယာ -------------- Destroyer (အရံ)
(ခ) ကမ်းတက် ရေယာဉ်အုပ်စု
(၁) ကမ်းတက်ရေယာဉ်များ (၈၈) စီး
(ဂ) အိုပီ
(၁) အမီယာ (လေယာဉ်ပျံတင် သင်္ဘော) (၁) စီး
(ဃ) ကာပစ်အဖွဲ့
(၁) နော်မန် ----------- ဖျက်သင်္ဘော
(၂) ပတ်(သ်)ဖိုင်ဒါ ---- ၎င်း
(၃) ရေးဒါ ------------- ၎င်း
လက်(ချ) (LASH = Lighter Aboard Ship) စီမံကိန်း
၁၉၇၄ မိုးရာသီအတွင်းပြင်းထန်သော ဆိုင်ကလုန်းလေမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်နိုင်ငံမှ ကယ်ဆယ်ရေး ဆန်တန်ချိန် (၁၀၀၀၀၀)ကို
ပို့ဆောင်ရေးကုမ္ပဏီက စင်ထရယ်ဂပ်(ဖ)လိုင်း (Central Gulf Line) နှင့် ၁၉၇၅ ခုနှစ်ဦးပိုင်းတွင် ထောက်ပံ့ပေးရန် စီစဉ်ခဲ့လေသည်။ ကယ်ဆယ်ရေးဆန်ဖြစ်၍ ဒုက္ခရောက်နေသူများ စောစောစီးစီး
ရရှိစားသုံးနိုင်ရန်အတွက် အလီလီတင်ပို့ခြင်းမပြုဘဲ၊ တစ်ကြိမ်၊ နှစ်ကြိမ်တည်းနှင့် အရောက်ပို့ရန်စီစဉ်ခဲ့ရာ ယင်းသို့ပို့မည့်ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သော ရေနက်ဆိပ်ကမ်းများ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မရှိသဖြင့် ဘင်္ဂလားစဒေ့ရှ်နိုင်ငံနှင့်အနီးဆုံး အိမ်နီးချင်းနိုင်ငံများတွင် လေ့လာခဲ့ရာ မြန်မာနိုင်ငံကို တွေ့ရှိခဲ့လေသည်။ ကျောက်ဖြူဆိပ်ကမ်းသည် ကုန်များကိုချပေးရမည့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်္ဘောဆိပ်ကမ်းနှင့်ဆိုင်လျှင် မိုင်ပေါင်း (၂၁၀) ခန့်သာဝေးသည်။
ဤကဲ့သို့ လက်(ချ) စီမံကိန်းမျိုးဖြင့် ကုန်သေတ္တာများကို ချခြင်း၊ နောက်ထပ်တဆင့် တင်ပို့ခြင်းစသော လုပ်ငန်းများကို လက်တွေ့လုပ်ကိုင်ရခြင်းမှာ ဤအကြိမ်သည် ပထမဆုံးဖြစ်ရာ
ဆိပ်ကမ်းအာဏာပိုင်ရုံး (ရန်ကုန်) အနေဖြင့် မည်သည့်မှားယွင်းမှုမျိုးကိုမျှ လက်မခံနိုင်ခြင်းကြောင့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ၁၉၇၄ ခုနှစ် မကုန်မီအချိန်မှစ၍ လုပ်ကိုင်ခဲ့တော့လေသည်။
ဤကြိုတင်လုပ်ငန်းများတွင် ရေကြောင်းတိုင်းတာရေးလုပ်ငန်းလည်း ပါဝင်သည့်ဖြစ်ရာ ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းတံတားမှ အနောက်ဘက်ရေကြောင်း (၁၈) မိုင် (ပင်လယ်ဝမှဝင်ရောက်
လာသော သင်္ဘောကြီးများအား ကြိုဆိုသည့်နေရာဖြစ်သည်။ ဤနေရာမှစ၍ ဆိပ်ကမ်းရှိလမ်းပြ Pilot က တာဝန်ယူမောင်းလာရန်ဖြစ်သည်။) ထိလည်းကောင်း၊ အရှေ့ဘက် (၂၇) မိုင်ဝေးသော
ကုလားပုန်းတောင်ဆိပ်ထိလည်းကောင်း တိုင်းတာခဲ့ရာတွင် ရေကြောင်းအနက်သည် (၁၀၅) ပေမှ (၁၆၈) ပေအထိရှိသဖြင့် မလေးရှားကျွန်းဆွယ်ရှိ မည့်သည့်ရေနက်ဆိပ်ကမ်းထက်မဆို
အန္တရာယ်ကင်းဝေးစွာ ဝင်ရောက်ဆိပ်ကပ်နိုင်သော ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့လေသည်။ (မလေးရှားကျွန်းဆွယ်တလျှောက်ရှိ သင်္ဘောဆိပ်အသီးသီး၏ လပ်ခံနိုင်သည့် ရေစူးအနက်ပမာဏမှာ စင်္ကာပူ (၃၇) ပေ၊ ရန်ကုန် ပေ (၃၀)၊ ကျောက်ဖြူ (၁၀၅) ပေဖြစ်၏။)
လက်(ချ)စီမံကိန်းအရ ကျောက်ဖြူဆိပ်ကမ်းကို ပထမဆုံးရောက်လာသော သင်္ဘောကြီးမှာ ဂရိန်းအိုင်လင် (Green Island) ဖြစ်သည်။ ဤသင်္ဘောကြီး၏အရွယ်အစားမှာ အလျား
၉၈၂ ပေ၊ အနံ ၉၈ ပေနှင့် ရေစူး ၄၂ ပေရှိ၍ သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ/ရေယာဉ်ငယ်လေးပေါင်းမှာ (၉၂)စင်းဖြစ်သည်။ ယင်းကုန်သေတ္တာ ရေယာဉ်ငယ်များ၏ အရွယ်အစားမှာ
အလျား (၆၀)ပေ၊ အနံ (၃၀)ပေ (၃) လက်မနှင့် အမြင့် (၁၈) ပေစီရှိကြသည်။ (သင်္ဘောကြီးပေါ်မှ ပင်လယ်ရေပြင်သို့ရောက်သောအခါ ရေးစူး (၈) ပေရှိကြသည်။) ဤလက်(ချ) (LASH) သင်္ဘော
ကြီးများသည် ပေါင်းနက်ကြီးနှင့် ပေါင်းနက်ချေတောာင်အနီး၊ နဂါးမော်ဆိပ်ကမ်း ရေအနက် (၂၁၅) ပေရှိသော ရေအိုင်သို့ရောက်သည့်အခါ ကျောက်ဆူးချ၍ ရန်နားလိုက်သည်။ မိမိနှင့်အတူပါလာသော ကုန်သေတ္တာ/ရေယာဉ်ငယ်များ (Lighter) ကို သင်္ဘောပေါ်မှ ပင်လယ် ရေပြင်ပေါ်သို့ ချလိုက်သည်။ ပင်လယ်ရေပြင်သို့ရောက်အခါ ယင်းကုန်သေတ္တာ ရေယာဉ်ငယ်များသည် ရေပေါ်တွင် (၄) ခန့်ပေါ်နေလေသည်။ ဤသို့ကုန်သေတ္တာ/ ရေယာဉ်ငယ်များ ပင်လယ်ရေပေါ်သို့ကျလာသည့်နှင့် တပြိုင်နက် အသင့်စောင့်နေသော တွန်းသင်္ဘော/ ဆွဲသင်္ဘောများ ၎င်းတို့အား တင်ဆောင်မည့်စက်မပါသည့် ကုန်တင်သင်္ဘော (Flasher) ပေါ်သို့ တွန်းတင်လိုက်ကြသည်။ Flasher ပေါ်သို့ ရောက်သည်နှင့်အဆင်သင့်စောင့်နေသော အလုပ်သမားများက ၎င်းတို့လှုပ်ရှားမှုမရှိနိုင်အောင် ချည်တုတ်လိုက်ပြီးသည်နှင့် နောက်ဆုံးပို့ဆောင်ရမည့်စခန်းသို့ ဆွဲသွားနိုင်ရန် အသင့်အနေထားသို့ ရောက်ရှိခဲ့လေသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် လက်(ချ) (LASH) စီမံကိန်းကို အသုံးချခဲ့ခြင်းအားဖြင့် ဆိပ်ကမ်း၏ ဝင်လမ်း၊ ထွက်လမ်း၊ ဆိပ်ကမ်း၏ အကျယ်အဝန်းနှင့် ရေစူးအနက်တို့ကို
ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (ရန်ကုန်)က တိုင်းထွာပြီး ဖြစ်သည့်အပြင် ကမ္ဘာရှိနေနက်ဆိပ်ကမ်းများကို အသုံးပြုနေသည့် ဧရာမသင်္ဘောကြီးများ နှစ်ကြိမ် သုံးကြိမ်ခန့်စီအောင်မြင်စွာ ဝင်/ထွက်ခဲ့ခြင်းဖြင့် ကျောက်ဖြူဆိပ်ကမ်းသည် ကောင်းမွန်သော ရေနက်ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်းကို အတည်ပြုလက်မှတ်ရေးထိုးပေးခဲ့ခြင်းပင်ဖြစ်လေသည်။ ဤကဲ့သို့ ၁၉၇၅ ခုနှစ် ဧပြီလ (၅) ရက်နေ့မှ ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ထိ ကျောက်ဖြူဆိပ်ကမ်းတွင် လက်(ချ)သင်္ဘောများဝင်ရောက်ခြင်းကြောင့် ရရှိသည့် စုစုပေါင်းဝင်ငွေမှာ (၁၉၈၈၃၄.၀၀) ဒေါ်လာ ဖြစ်လေသည်။ အသေးစိတ်ကို နောက်ဆက်တွဲ “က” တွင်ဖော်ပြထားပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လွန်ခဲ့သည့်နှစ်ပေါင်း (၃၀)ခန့်မှစ၍ ဈေးကွက်စီးပွားရေးစနစ်သို့ လက်တွေ့ကျကျ ပြောင်းလဲဆောင်ရွက်ခဲ့ရာ ၎င်း၏စီးပွားရေးတိုးတက်မှုနှုန်းမှာ
ကမ္ဘာတစ်ခုလုံး၏ အံ့ဩဖွယ်ရှိလောက်အောင် ဖြစ်ခဲ့လေသည်။ (ဥပမာ ပြရသော် - ၂၀၀၈ ဩဂုတ်လ ၈ ရက်နေ့မှ ဩဂုတ်လ ၂၄ ရက်နေ့ထိ ကျင်းပခဲ့သော နွေရာသီအိုလံပစ်ပွဲတော်ကို ကြည့်ခြင်းအားဖြင့် သိသာနိုင်ပေသည်။ ဤအိုလံပစ်ပွဲအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်မှ သုံးစွဲခဲ့သော ငွေပမာဏမှာ အမေရကိန်ဒေါ်လာ ဘီလီယံလေးဆယ်ခန့်ဖြစ်လေသည်။ ဤပမာဏကို ယခင်လက်ခံကျင်းခဲ့သော မည်သည့်နိုင်ငံကမှ သုံးစွဲခဲ့ခြင်းမရှိပေ။ အားကစားပွဲတော်အတွင်း “ငှက်သိုက် (Bird's Nest) ဟု လူအများသိရှိသွားကြသော ပင်မအားစကားရုံတစ်ခုတည်းအတွက်ပင် အမေရကန်ဒေါ်လာ သန်း (၅၀၀) ကို သုံးစွဲခဲ့လေသည်။ ပွဲတော်ကျင်းပပြီးသည့်အချိန်တွင်လည်း တရုတ်နိုင်ငံက ရွှေတံဆိပ်ဆု စုစုပေါင်း (၅၁) ဆုကို ရယူခဲ့ခြင်းအားဖြင့် ပထမအဆင့်ကို ရယူနိုင်ခဲ့ပေသည်။ သာမန်အားဖြင့် အိုလံပစ်ပွဲတော်များတွင် ပထမအဆင့်ကိုရယူလေ့ရှိသော အမေရိကန်နိုင်ငံပင် ရွှေတံဆိပ်ဆု စုစုပေါင်း (၃၆) ဆုဖြင့် ကျေနပ်ခဲ့ရလေသည်။
ဤကဲ့သို့ စီးပွားရေးတိုးတက်နှုန်းမြှင့်လာသည့်နှင့်အမျှ စက်သုံးဆီများသုံးစွဲမှုအပါအဝင် စွမ်းအင်သုံးစွဲမှုမှာလည်း ကြောက်ခမန်းလိလိတိုးတက်လာခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် တင်သွင်းခဲ့ရသော ရေနံစိမ်းပမာဏမှာ တန် ၁၄၆ သန်းဖြစ်၍ တန်ဖိုးဖြင့် အမေရကန်ဒေါ်လာ (၁၅) ဘီလီယံဖြစ်လေသည်။ ဤပမာဏမှာ ၂၀၀၅ ခုနှစ်ကထက် ၁၄% ပိုမိုလာခဲ့လေသည်။ မိမိ၏ သုံးစွဲမှုနှစ်စဉ်တိုးတက်လာမှုနှင့် ကမ္ဘာကြီး၏ နှစ်စဉ်ထောက်ပံ့နိုင်မှုတွင် ကန့်သတ်ချက် ရှိနေမှုတို့ကြောင့် မိမိတို့၏ တကယ့်လိုအပ်သည့် စက်သုံးဆီများကို စိတ်ချစွာရရှိနိုင်ရေးအတွက် နိုင်ငံတိုင်းကကြိုးစားလျှက်ရှိပေသည်။
တရုတ်အနေဖြင့် ၎င်းရရှိထားသည့် ရေနံများ၏ ပင်ရင်းဌာနမှာ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကဒေသတို့ဖြစ်သည်။ ယင်းဒေသမှရရှိသည့် ရေနံအားလုံးသည် ပင်လယ်ရေကြောင်းခရီးဖြင့် တရုတ်နိုင်ငံရောက်ရှိလာရသည်ဖြစ်ရာ ယင်းကြောင်းမှာ မလက္ကာရေလက်ကြားကိုဖြတ်သန်းရလေသည်။ ဤရေလက်ကြားသည် သင်္ဘောသွားလာမှု အများဆုံးရေလက်ကြားဖြစ်၍ ပင်လယ်ဓားပြများ အလွန်ပေါများသော ဒေသတစ်ခုဖြစ်ပေသည်။ ကုလသမဂ္ဂ၏ စာရင်းဇယားများအရ သင်္ဘောစီးရေ (၆၀၀၀)ကျော်မှာ ဤရေလက်ကြားတွင် နှစ်စဉ်ဖြတ်သန်းလျှက်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးတစ်ခုလုံး၏ ၂၅% မှာ ဤရေလက်ကြားကို အသုံးပြုရကြောင်း ဖော်ပြပါရှိလေသည်။
ဤသို့သောအခြေအနေတွင် တစ်စုံတစ်ခုသော မမျှော်မှန်းနိုင်သော အကြောင်းတစ်ရပ်ကြောင့် ဤရေလက်ကြား ပိတ်ဆို့သွားခဲ့လျှင် စက်သုံးဆီများဖြည့်ဆည်းမှုမှာလည်း တစ်ပါတည်းရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။ ဤအခြေအနေသို့ဆိုက်ရောက်ခြင်းမရှိစေရန် နည်းလမ်းမှာ မလက္ကာရေလက်ကြားကို ရှောင်ကွင်းသွားလာနိုင်လျှင် အကောင်းဆုံးဖြစ်ပေသည်။ ဤနည်းလမ်းကိုစဉ်းစားရာတွင် အစဉ်အလာအားဖြင့် နိုင်ငံများက စဉ်းစားခဲ့ကြသည့်အတိုင်း မြန်မာနိုင်ငံ၏တောင်ဘက်စွန်း၊ ကော့သောင်းဒေသ အောက်ဘက် ထိုင်းကျွန်းဆွယ်တွင် နေရာအကျဉ်းဆုံးဖြစ်၍ မိုင် ၆၀ ခန့်သာကျယ်သော ကရားကျွန်းဆက်မြေ (Kra Isthmus) ကိုဖြတ်သန်းရန် စဉ်းစားခဲ့လေသည်။ ဤကျွန်းဆက်မြေကို ဖြတ်သန်းပါက အိန္ဒိသမုဒ္ဒရာဘက်မှ ပစ္စည်းများကို မိုင် ၆၀ ခန့်ဖြတ်သန်းရုံဖြင့် ထိုင်းပင်လယ်ကွေ့ (Gulf of Thailand) သို့ရောက်ရှိသွားခြင်းဖြင့် နောက်တစ်ဆင့်တွင် တရုတ်ပင်လယ်သို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။ လမ်းအရှည်ခရီးအားဖြင့်လည်း မိုင်ပေါင်း (၁၈၀၀) ခန့်ကြုံ့သွားမည်သည်။ တရုတ်နိုင်ငံသည် ဤလမ်းကြောင်းကို အတော်အလေးပေး၍ စဉ်းစားခဲ့လေသည်။ သို့သော်ကုန်ခဲ့သည့်နှစ် အနည်းငယ်အတွင်းက ထိုင်းနိုင်ငံ၏တောင်ပိုင်းဒေသလေးခုတွင် မူစလင် (Muslim) အစွန်းရောက်များ ထကြွခဲ့ရာ နှစ်တိုင်းလိုလိုပင် အများပြည်သူများ၏ အသက်ဆုံးရှုံးရမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများရှိခဲ့လေသည်။ ကုန်ခဲ့သည့်လေးနှစ်အတွင် ပြည်သူ သုံးထောင်ခန့် သေဆုံးခဲ့ရသည်ဟု သိရှိရပါသည်။ ဤသို့သောအခြေအနေတွင် ဤလမ်းကြောင်းကိုဆက်လက်မစဉ်းစားဘဲ နောက်ဖြစ်နိုင်မည့် လမ်းကြောင့်တစ်ခုကို အစားထိုးရှာဖွေခဲ့ရာ ကျောက်ဖြူလမ်းကြောင်းသည် ဖြစ်နိုင်ဖွယ်ရှိသည့် လမ်းကြောင်းတစ်ခုအဖြစ် အလေးပေးလေ့လာသုံးသပ်လျှက်ရှိနေခဲ့ပါသည်။
ကျောက်ဖြူကို အဓိကကြိုက်နှစ်သက်သည့်အချက်မှာ အခြားနေရာဒေသများနှင့် ကူးလူးဆက်သွယ်မှု နည်းပါးခြင်းကြောင့် ထီးထီးနီးပါးဖြစ်သဖြင့် လုံခြုံရေးရှုထောင့်မှကြည့်လျှင် အကောင်းဆုံးအခြေအနေတွင်ရှိခြင်း၊ လမ်းခရီးအားဖြင့်လည်း မလက္ကာရေလက်ကြားမှ သွားရသည့်ခရီးထက် မိုင်ပေါင်း (၁၈၀၀)ခန့် ကြုံ့သွားခြင်းတို့ဖြစ်လေသည်။ ကျောက်ဖြူကိုရွေးချယ်ဖြစ်ပါက အမ်းတောင်ကြားလမ်းမှဖြတ်၍ မင်းဘူး - မကွေးလမ်းကြောင်းအတိုင်း တရုတ်ပြည်၊ ယူနန်နယ်စပ်အထိ မိုင်(၅၀၀)နှင့် ယူနန်မြို့တော် ကုန်မင်း (Kunmin) အထိ နောက်ထပ် မိုင်(၄၀၀) စုစုပေါင်း မိုင် (၉၀၀) ရှည်လျားသည့် ပိုက်လိုင်း (Pipe Line) တစ်ခုကို ဖောက်လုပ်ရမည်ဖြစ်သည်။ ဤပိုက်လိုင်းဖြတ်သန်းရမည့် ခရီးလမ်းကြောင်းသည် တောတောင်ထူထပ်၍ ခရီးလမ်းကြမ်းတမ်းသည်ဖြစ်ရာ ဖောက်လုပ်လျှင် ကုန်ကျမည့်ခန့်မှန်းခြေမှာ အမေရကိန်ဒေါ်လာ ၂.၃ ဘီလီယံဖြစ်ပေသည်။ ဤမျှလောက်သော အသုံးစရိတ်မှာ တရုတ်နိုင်ငံအတွက် မပြောပလောက်သော အသေးအမွှား အသုံးစရိတ်ဖြစ်လေသည်။ ပုံစံပြရသော် တရုတ်နိုင်ငံ၏ ကျောက်မီးသွေးထုတ်လုပ်ရာဒေသတစ်ခုဖြစ်သည့် ချင်ဇီပြည်နယ် (Shanxi Provance)မှ ၂၀၀၆ ခုနှစ်တွင် အမေရကန်ဒေါ်လာ ၂၄ ဘီလီယံ တန်ဖိုးရှိသည့် ကျောက်မီးသွေးများကိုထုတ်လုပ်ခဲ့၍ နိုင်ငံတော်အစိုးရသို့ အမေရိကန်ဒေါ်လာ (၂) ဘီလီယံကို အခွန်အဖြစ် ပေးဆောာင်ခဲ့လေသည်။
ယခုဖြစ်ပေါ်လာသော အစီအစဉ်
ဤအတောအတွင်း ရခိုင်ကမ်းလွန်ဒေသတွင် ရေနံရှာဖွေနေသော ဒေဝူး (Daewoo International) ကုမ္ပဏီသည် ခရစ်နှစ် ၂၀၀၄ ခုနှစ် ဇန်နဝါရီလအတွင်းက ရခိုင်ကမ်းလွန်ဒေသ အေ ၁ နှင့် အေ ၃ ကွင်းများတွင် ဓာတ်ငွေ့များကို စီးပွားဖြစ် ရှာဖွေတွေ့ရှိခဲ့လေသည်။ တွေ့ရှိခဲ့သည့်ပမာဏမှာ ၅.၇ မှ ၁၀.၀ တီစီအက် (ဖ်) (Trillion Cube Feet) ဖြစ်သဖြင့် ဒေသအတွင်းရှိ တရုတ်၊ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီအများအပြားက ချက်ချင်းပင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒပြုခဲ့ကြလေသည်။ တရုတ်နိုင်ငံမှ ရေနံကုမ္ပဏီ၊ စီအင်အိုအိုစီ (CNOOC) ဆိုလျှင် မြန်မာ့ရေနံဓာတ်ငွေ့ရှာဖွေရေး MOGE (Myanmar Oil and Gas Exploration) အဖွဲ့နှင့် ထုတ်လုပ်မှုခွဲဝေခံစားခြင်းစာချုပ် (PSC) ကို ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် အစောဆုံး လက်မှတ်ရေးထိုးခဲ့လေသည်။ တရုတ်နောက်မှကပ်၍ လိုက်ပါလာသော အခြားကုမ္ပဏီတစ်ခုမှာ အိန္ဒယကုမ္ပဏီ အီးအိုစီ (Essar Oil Company) ဖြစ်၍ ခရစ်နှစ် ၂၀၀၅ ခုနှစ် မေလတွင် မြန်မာကုမ္ပဏီဖြစ်သော MOGE နှင့်ထုတ်လုပ်မှုခွဲဝေစားခြင်း စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ဒုတိယ စာချုပ် ချုပ်ဆိုသော အိန္ဒိယကုမ္ပဏီမှာ GAIL ဖြစ်လေသည်။ ယင်းနောက်တွင် နောက်ထပ်လိုက်ပါလာသော တရုတ်ရေနံကုမ္ပဏီမှာ CNPC (China National Petroleum Corporation) ဖြစ်၍ ကွင်းအမှတ် အေဒီ ၁၊ အေဒီ ၆ နှင့် အေဒီ ၈ တို့ကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် လက်မှတ်ထိုးခဲ့လေသည်။ နောက်ဆုံးလက်မှတ်ရေးထိုးသည့်အဖွဲ့သည်ကား မလေးရှားကုမ္ပဏီ ရင်ဘူနန်ပဲထရိုဂက်(စ်) (Rimbunan Petrogas Ltd.) ဖြစ်၍ ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရေးထိုးခဲ့လေသည်။ ၎င်းရရှိသော လုပ်ကွက်မှာ အေ - ၅ လုပ်ကွက်ဖြစ်လေသည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အေ - ၁ နှင့် အေ - ၃ လုပ်ကွက်တို့မှ ထွက်လာသော ဂက်(စ်)များကို ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြရာတွင် တရုတ်ကုမ္ပဏီဖြစ်သည့် CNPC က အောင်မြင်ခဲ့လေသည်။ ၂၀၀၈ ခုနှစ် ဇွန်လ (၂၃) ရက်နေ့က ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ (Memorandum of Understanding) အရ ယင်းဝယ်ယူမည့် ဂက်(စ်)များကို တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းသို့ ပိုက်လိုင်းများဖြင့်ပေးပို့မည်ဖြစ်ပါသည်။ ပိုက်လိုင်းများတည်ဆောက်ရန်မှာ ၃-၄ နှစ်ခန့်ကြာမည်ဟုခန့်မှန်း၍ ဂက်(စ်)ထွက်သည့်လုပ်ကွက်များကို ဂက်(စ်) ထုတ်လုပ်သည့် ပုံမှန်လုပ်ကွက်များဖြစ်အောင် ပြုပြင်တည်ဆောက်ရန်နှင့် ပိုက်လိုင်းများတည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ကုန်ကျလိမ့်မည်ဟု ခန့်မှန်းကြပါသည်။
ယခင်အစီအစဉ်နှင့် ယခုအစီအစဉ်
တရုတ်၏ဦးတည်နေသော မူလမျှော်မှန်းချက် လမ်းကြောင်းကို သတ္တုချ၍ကြည့်ပါလျှင် အဆင့်နှစ်ဆင့်ပါဝင်ကြောင်း သိသာနိုင်ပါသည်။ ပထမအဆင့်မှာ ရေနံရရှိမည့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသမှ ရေနံများကို အန္တရာယ်များသော မလက္ကာရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းတင်ပို့ခြင်းမပြုဘဲ ကျောက်ဖြူရေနက်ဆိပ်ကမ်းသို့ တင်ပို့ရန်နှင့် ဒုတိယအဆင့်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှတစ်ဆင့် ယူနန်နယ်၏မြို့တော် ကုန်မင်းသို့ ပိုက်လိုင်းများဖြင့် တင်ပို့ရန်ဖြစ်ပေသည်။ ယခုဖြစ်ပေါ်လာသော အခြေအနေနှင့် ၂၀၀၈ ခုနှစ်၊ ဇွန်လ (၂၃) ရက်က လက်မှတ်ရေးထိုးခဲ့သော နာလည်းလည်မှုစာချွန်တို့အရ ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိမည့် ဂက်(စ်)များကို ပိုက်လိုင်းများမှတစ်ဆင့် တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းဒေသရှိ ယူနန်နယ်ထဲသို့ တင်ပို့မည်ဖြစ်ပေသည်။
အမှန်အားဖြင့် ရခိုင်ဒေသမှထွက်ရှိသည့် ဂက်(စ်)များကို ပိုက်လိုင်းဖြင့် ကုန်မင်းသို့တောက်လျှောက်ပေးပို့နိုင်သည်ဖြစ်ရာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အသုံးပြုရန် အကြောင်းမရှိသေးချေ။ ဤသည်တို့မှာ ယနေ့အထိ ပေါ်ပေါက်လာသောအချက်အလက်များကို လေ့လာသုံးသပ်၍တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ အကယ်၍ ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိလာမည့် ဂက်(စ်)များကို အိန္ဒိယနိုင်ငံက ရရှိခဲ့သည် ဆိုကြပါစို့။ အိန္ဒိယနိုင်ငံအနေနှင့် ရခိုင်ဒေသမှထွက်ရှိလာမည့် ဂက်(စ်)များကို မူလကပင်စစ်တွေဆိပ်ကမ်းမှ သင်္ဘောဖြင့်တင်ပို့ရန် အစီအစဉ်ထားရှိပြီးဖြစ်သည်နှင့်အညီ စစ်တွေသင်္ဘောဆိပ် (ဖောင်တော်ကြီး) ပြုပြင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း(၁၀၀)ကိုလည်း သတ်မှတ်၍ ပြင်ဆင်ခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယနေ့အခြေအနေတွင် မည်သို့မျှတိတိကျကျ ခန့်မှန်း၍ မဖြစ်နိုင်ဘဲ နောက်ဖြစ်လာမည့် အခြေအနေများကိုသာ မျက်ခြေမပြတ် လေ့လာနေရမ်ဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း
မြန်မာနိုင်ငံ အိမ်နီးချင်းနိုင်ငံများတွင် ထိုင်းနိုင်ငံသည် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့်နောက်ပိုင်း၌ စီးပွားရေးအရ လျှင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာသည့် နိုင်ငံတစ်ခုဖြစ်ပေသည်။ ယခုအချိန်တွင် စီးပွားရေးလုပ်ငန်းများကို ပြည်တွင်းတွင် လုပ်ကိုင်နေရာမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများတွင် အခွင့်အလမ်းရှိလျှင်ရှိသလို စွန့်စားလုပ်ကိုင်နေသည့် နိုင်ငံလည်းဖြစ်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် ပြောရလျှင် ၎င်းစတင်ဝင်ရောက်သည့် လုပ်ငန်းကြီးမှာ သဘာဝလုပ်ငန်းကြီးဖြစ်ပေသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံမှ နေ့စဉ်တစ်ရက်လျှင် တစ်ဘီလီယံကျူဗိဖိ (One Billion Bubie Feet) သဘာဝဓာတ်ငွေ့များကို မုတ္တမပင်လယ်ကွေ့ရှိ ရတနာနှင့် ရဲတံခွန်လုပ်ကွက်များမှ တင်ပို့လျှက်ရှိနေသည်။ ဤသို့တင်ပို့ခြင်းဖြင့် ၂၀၀၆ ခုနှစ် တင်သွင်းသော သဘာဝဓာတ်ငွေ့များအတွက် အမေရိကန်ဒေါ်လာ ၂.၁၆ ဘီလီယံ ($ 2.16 Billion at $ 7.00 per 1000 cu.fts) မြန်မာနိုင်ငံသို့ ပေးချေခဲ့လေသည်။
ဒုတိယဝင်ရောက်လုပ်ကိုင်လှုပ်ရှားလျှက်ရှိသော လုပ်ငန်းကြီးသည်ကား တာဆန်းရေအားလျှပ်စစ် စီမံကိန်းဖြစ်ပေသည်။ ဤစီမံကိန်းသည် ရှမ်းပြည်နယ်တောင်ကြီးမြို့၏အရှေ့ဘက် မိုင်းပန်းမြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြား ဝမ်းဆာလာကျေးရွာအနီး တာဆန်းကြိုးတံတား၏အထက်ဘက် ကိုးမိုင်ခန့်အကွာ သံလွင်မြစ်ပေါ်၌ အလျား ၂၈၄၈ ပေ အမြင့် ၇၄၆ ပေရှိ (RCC) အမျိုးအစားကွန်ကရစ်ရေလှောင်တမံတည်ဆောက်ပြီး၊ စီမံကိန်းပြီးစီးပါက စက်တပ်စက်အင်အားစုစုပေါင်း ၇၁၁၀ မဂ္ဂါဝပ်၊ နှစ်စဉ်ပျှမ်းမျှ လျှစ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း (၃၅၄၄၆) ထုတ်လုပ်ပေးမည့် လုပ်ငန်းကြီးတစ်ခုဖြစ်ပေသည်။ ဤလုပ်ငန်းစတင်ဆောင်ရွက်သည့် အခမ်းအနား (Ground Breaking Ceremoney) ကို ၂၀၀၇ ခုနှစ်၊ မတ်လ(၃၀)ရက်နေ့က တာဆန်းရေအားလျှပ်စစ်စီမံကိန်း ရေလွှဲဥမင်လိုဏ်ဂူအဝင်ပိုင်းရှိ မင်္ဂလာမဏ္ဍာပ်၌ ကျင်းပခဲ့လေသည်။
ဤလုပ်ငန်းကြီးအတွက် ကုန်ကျမည့်ခန့်မှန်းခြေ တန်ဖိုးမှာ အမေရကိန်ဒေါ်လာ ခြောက်ဘီလီယံဖြစ်ရာ အရင်းအနှီးများသည့်အတွက် ရင်းနှီးမြှုပ်နှံမှုဝေစုကို ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အောက်ပါအတိုင်း စီစဉ်ခဲ့ကြလေသည်။
(က) တရုတ်နိုင်ငံစွမ်းအားကုမ္ပဏီ ၅၁% (China Gezhouba Water and Power Group Co., Ltd.)
(ခ) ထိုင်းနိုင်ငံ အမ်ဒီအက်(ခ်စ်) အုပ်စု ၂၄% (Thailand MDX Group Co., Ltd.)
(ဂ) မြန်မာ့ရေအားလျှပ်စစ်အကောင်
အထည်ဖော်ရေးဌာန ၂၅% (Myanmar Department Hydro Implementation)
ဤလုပ်ငန်းကို စတင်ခဲ့သည်နေ့မှာ ၂၀၀၇ ခုနှစ်၊ မတ်လ (၃၀) ရက်ဖြစ်၍ လုပ်ငန်းအတိုင်းအတာကြီးမားမှုကြောင့် ဆောက်လုပ်ရေးကာလမှာ (၁၅) နှစ်ကြာမြင့်လိမ့်မည်ဟု ခန့်မှန်းပါသည်။
တတိယဝင်ရောက်လုပ်ကိုင်ရန် ချိန်ရွယ်လျှက်ရှိသည့်လုပ်ငန်းကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်းဖြစ်ပါသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းဟုပြောရသော်လည်း ဤဆိပ်ကမ်းမှာ ကန်ချနာဘူရီ - ထားဝယ်လမ်းမကြီးဆောက်လုပ်ခြင်းလည်းပါဝင်ပါသည်။ ဤလမ်းမကြီး ဆောက်လုပ်ခြင်းတွင် ပါဝင်သော ကန်ချနာဘူရီပြည်နယ်သည် ထိုင်း-မြန်မာသမိုင်းတွင် လူသိများသော နယ်တနယ်ဖြစ်ခဲ့လေသည်။ ယခင် ဘုန်းတန်ခိုးကြီးသော မြန်မာဘုရင်များ ထိုင်းမြို့တော် အယုဒ္ဓယသို့ချီတက်ခဲ့စဉ်က နယ်စပ်ရှိ ဘုရားသုံးဆူတောင်ကြားလမ်းကိုဖြတ်ပြီးသည်နှင့် တထေက်နားစခန်းအဖြစ် ရပ်နားစခန်းချလေ့ရှိသော မြို့ဖြစ်ခဲ့လေသည်။
ကန်ချနာဘူရီပြည်နယ်သည် မြန်မာနိုင်ငံနှင့် မယ်နိမိတ်ချင်း ၃၇၄ ကီလိုမီတာ ဆက်စပ်လျက်ရှိပြီး ယင်းနယ်နိမိတ်တလျှောက် ဖြတ်ကူးနိုင်သည့် ဘုရားသုံးဆူအပါအဝင် တောင်ကြားလမ်း (၃၀) ရှိလေသည်။ ယင်းတောင်ကြားလမ်းများကို တစ်ခုချင်းစစ်ဆေးခဲ့ရာ ဘန်ကောင်း (Ban Koa) မြို့နယ်၊ ကန်ချနာဘူရီမြို့မှ ၇၀ ကီလိုမီတာရှိ၍ ထားဝယ်မြို့မှ ၁၃၀ ကီလိုမီတာရှိရာ ဘန်းဖုနမ်းရွန်ဒေသ (Ban Phunamron) သည် အသင့်တော်ဆုံးဖြစ်မည်ဆိုပြီး ရွေးချယ်ခဲ့ကြပါသည်။ ဤသို့ရွေးချယ်ပြီးနောက် နိုင်ငံတော်အဆင့်သို့တင်ပြခဲ့ကြရာ နိုင်ငံတော်အဆင့်မှ အင်အီအက်(စ်)ဒီဘီ (National Economic and Social Development Board) အဖွဲ့နှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ (ဂျပန်) (Japan International Co-Operation Agency) တို့ပူပေါင်း၍ကွင်းဆင်းလေ့လာခဲ့ကြရာ ထားဝယ်ဆိပ်ကမ်းသည် ရေနက်ဆိပ်ကမ်းအဖြစ် လွယ်ကူစွာဖော်နိုင်မည့်ဒေသဖြစ်ကြောင်း တွေရှိရလေသည်။
မြန်မာနိုင်ငံမှ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ၂၀၀၈ ခုနှစ်ဧပြီလအတွင်းက ဘန်ကောက်မြို့သို့ တရားဝင်အလည်အပတ်ရောက်ရှိခဲ့ရာ ကီလိုမီတာ ၁၃၀ ရှည်လျားသော ကန်ချနာဘူရီ-ထားဝယ်လမ်းသည် နှစ်နိုင်ငံအကျိုးကိုသာ သယ်ပိုးမည်မဟုတ်ဘဲ အနီးအနားရှိအာရှဒေသအတွက်လည်း အကျိုးရှိမည်ဟု ယုံကြည်ခဲ့ကြပါသည်။ မြန်မာအစိုးအနေနှင့် ဤလမ်းကို နှစ်ဖက်သောအစိုးရ၏ လုပ်ငန်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သော အီတလီယံ-ထိုင်း (Italian-Thai) အဖွဲ့အစည်းအား တာဝန်ပေးရန် အကြံပေးခဲ့လေသည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆမတ်ဆွန်ဒါရဝဲ (Samak Sundaravei) နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်တို့ တွေ့ဆုံစဉ်က မြန်မာဝန်ကြီးချုပ်က ထားဝယ်မြို့တွင် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်၊ စက်မှုဇုန်နှင့် ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် မြေဧကတစ်သိန်း သတ်မှတ်ရာထားပြီးဖြစ်သည်ဟုဆိုပြီး ထိုစက်မှုဇုန်နှင့် လိုက်လျောညီထွေရှိမည့် ရေနံနှင့်ရေနံချက်စက်ရုံကဲ့သို့သော စွမ်းအင်ဆိုင်ရာစက်မှုလက်မှုလုပ်ငန်းများကိုလည်း ထားရှိမည်ဟုဆိုပါသည်။ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး မစ္စတာဆန်တီပရမ်ဖတ် (Mr. Santi Promphat) ကပြောသည်မှ ပင်လယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် ဘတ်ငွေ ဘီလီယံ ၄၀ မှ ၅၀ အထိကုန်ကျမည်ဖြစ်ပြီး စက်မှုဇုန်အတွက်မူ နောက်ထပ်ဘတ်ငွေ ဘီလီယံ ၁၀၀ ခန့်သုံးစွဲရန်ရှိသည်ဟု ဆိုသည်။
နှစ်ဖက်သောအစိုးရတို့က သဘောတူညီကြသည်မှ ထိုင်းအစိုးရအနေနှင့် လိုအပ်မည့်အသုံးစရိတ် ရန်ပုံငွေ (Loan) များရရှိစေရေးအတွက် ဆောင်ရွက်ရန်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအနေနှင့် ယင်းရန်ပုံငွေများ၏ လုံခြုံမှုကို တာဝန်ယူရန်ဖြစ်သည်။ PTT ကုမ္ပဏီကဲ့သို့သော ထိုင်းနိုင်ငံ၏ ရေနံအလျံအပယ်ပေါကြွယ်ဝသည့်နေရာတွင် ရေနံချက်စက်ရုံများတည်ဆောက်ရန် စိတ်ဝင်စားမှုပြင်းပြခဲ့ကြသည်။
အထက်၌ဆိုခဲ့သော ကန်ချာနာဘူရီ-ထားဝယ်လမ်းမကြီးကို မြန်မာဘက် ရေနက်ဆိပ်ကမ်းလုပ်ရန် ရည်မှန်းထားသော မောင်းမကန်ဆိပ်ကမ်းမှအစပြု၍ ထိုင်ငံနယ်စပ်ရှိ ဘန်းဖုနမ်ရွန်တောင်ကြားလမ်းနှင့် မျက်နှာချင်းဆိုင်ရှိ ဆဲသမီးတောင်ကြားလမ်း၊ ထုမှတစ်ဆင့် မြန်မာနယ်စပ်မှ ၅ မိုင်သာကွာဝေးသော ဘန်းဖုနမ်ရွန်ရွာသို့ ဆက်ရန်ဖြစ်သည်။ ဘန်းဖုန်ရွန်နှင့် ကန်ချာနာဘူရီမြို့မှာလ မ်းဖောက်လုပ်ပြီးဖြစ်၍ လက်ရှိလမ်းကို ကားလမ်းမကြီးအဆင့်သို့တိုးမြှင့်လိုက်ရုံပင်ဖြစ်သည်။ အဆင့်တိုးမြှင့်ရာတွင် ပထမအဆင့်အနေဖြင့် လမ်းကြောင်းနှစ်ကြောင်းရှိသော လမ်းမကြီးအဖြစ် ဆောင်ရွက်ကုန်ကျမည့်ခန့်မှန်းခြေငွေမှာ ဘတ်ငွေ သန်း ၃၄၀ ဖြစ်သည်။ ဒုတိယအဆင့်မှာ လမ်းလေးကြောင်းထိတိုးချဲ့ရန်ဖြစ်သည်။ ဒုတိယအဆင့်သို့တိုးချဲ့လိုသည့်အခါ နောက်ထပ်ဘတ်ငွေ သန်း ၈၅၀ ကုန်ကျလိမ့်မည်ဟု ခန်းမှန်းကြသည်။
အထက်တွင်ဖော်ပြခဲ့သော မြန်မာနှင့်ထိုင်းနိုင်ငံအကြား နားလည်မှုများကို တစ်ဆင့်တိုး၍ စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို တက်ရောက်နေသော မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဦးဉာဏ်ဝင်းသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နီပိုဒွန်နှင့်အတူ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးဆိုင်ရာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့တက်ရောက်၍ လက်မှတ်ရေးထိုးကြလေသည်။
ဤအတောအတွင်း မေလ ၂/၃ ရက်များတွင်ကျရောက်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူအများသေကြေပျက်စီး၍ ဒုက္ခရောက်ခဲ့ရာ မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့မှထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုတင်သွင်း၍ နှစ်စဉ်အမေရိကန်ဒေါ်လာနှစ်ဘီလီယံကျော်ကျော် မြန်မာနိုင်ငံသို့ပေးသွင်းနေသော ထိုင်းနိုင်ငံ ပီတီတီကုမ္ပဏီ (PTT Public Company Ltd.) သည် ၎င်းပိုင် အမ်တီ - ပင်ထရေဒါး (MT Pentrader) သင်္ဘောနှင့် ဒီဇယ်ဆီ လီတာ ၄၈၀၀၀၀ ကိုတင်ဆောင်၍ သံလျင်မြို့အမှတ်(၁) ရေနံချက်စက်ရုံတွင် အများပြည်သူများ၏ ကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် မေလ(၁၆)ရက်နေ့က လှူဒါန်းခဲ့လေသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းဆောက်လုပ်ရေးနှင့် ပတ်သက်၍ အခြားစိတ်ဝင်စားမှုရှိသော နိုင်ငံတစ်ခုမှာ အိန္ဒိယနိုင်ငံဖြစ်လေသည်။ ၎င်းသည် ၎င်း၏တိုးတက်ဖွံ့ဖြိုးလာသော အခြေအနေနှင့်လိုက်လျောညီစွာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကိုလည်း ထိုင်းအစရှိသော အရှေ့တောင်အာရှနိုင်ငံများနှင့် ကျယ်ပြန့်စွာပြုလုပ်လိုသော ဆန္ဒရှိရာ မြန်မာနိုင်ငံမှတစ်ဆင့် ဖြတ်သန်း၍ ထိုင်းနိုင်ငံသို့ ကုန်းကြောင်းခရီးဖြင့် လမ်းဖောက်လုပ်ရေးကို များစွာစိတ်ဝင်စားသည်။ မူအားဖြင့်သဘောတူညီခဲ့ပြီးဖြစ်သည့်အပြင် မဏိပူနယ်စပ်ရှိ မိုးရေမြို့မှ မြန်မာပြည်တွင်းသို့ ဝင်ရောက်သည့် မိုးရေ-ကလေးလမ်းကိုချဲ့ခြင်းနှင့် အမာခံကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းတို့ကိုလည်း ပါဝင်ဆောင်ရွက်လျှက်ရှိပေသည်။
ဤအခြေအနေတွင် ထိုင်းနိုင်ငံကလည်း ထားဝယ်တွင် ရေနက်ဆိပ်ကမ်းတစ်ခုဆောက်လုပ်ရန် ဆန္ဒရှိနေကြောင်းသိရှိခဲ့ရာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါနှင့် ဘူတန်နိုင်ငံတို့ပါဝင်သော ဘင်းစ်တက် နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို ၂၀၀၄ ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်းက ထိုင်းနိုင်ငံတွင်ပြုလုပ်စဉ် ထားဝယ်ရေနက်ဆိပ်ကမ်းကို ဆောက်လုပ်သင့်ကြောင်း၊ ယခုသွားနေရသော မလက္ကာ ရေလက်ကြားမှ ဖြတ်သန်းသွားရသည်ထက် ကီလိုမီတာ (၂၀၀၀) သက်သာမည်ဖြစ်ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် တန်ချိန် (၅၀၀၀၀) ရှိ ပင်လယ်ကူးသင်္ဘောကြီးများဝင်ရောက်နိုင်သော အခြေအနေရှိကြောင်းစသည်ဖြင့် အကျယ်တဝင့် တင်ပြခဲ့လေသည်။
အထက်ပါအချက်များကို ခြုံငုံသုံးသပ်ရပါလျှင် ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းကလည်းကောင်း၊ ၁၉၇၅ ခုအတွင်းက အသုံးပြုခဲ့သော လက်(ခ်ျ)စီမံကိန်းအရလည်းကောင်း၊ အလွန်ကောင်းမွန်သော အဆင့်မြင့်သော ရေနက်ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သက်သေထူခဲ့ပြီးဖြစ်ပါသည်။ သို့သော် ယင်းရေနက်ဆိပ်ကမ်းကို တကယ်အသုံးပြုနိုင်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှာ တိတိကျကျမပေါ်သေးပေ။ ယနေ့အထိ စိတ်အဝင်စားဆုံးဟု ယူဆနိုင်သောအဖွဲ့အစည်းမှာ တရုတ်ရေနံကုမ္ပဏီ (စီအင်ပီပီ)ဖြစ်ကြောင်း လေ့လာသိရှိရသည်။ သို့ဖြစ်၍ ယင်းရေနံကုမ္ပဏီ၏ဖြစ်ပေါ်လာမည့် ရှေ့ဆက်လုပ်ငန်းစဉ်အခြေအနေများက ကျောက်ဖြူရေနက်ဆိပ်ကမ်း၏ အလားအလာကို အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ကြောင်း လေ့လာတင်ပြရပါသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း အခြေအနေကမူ စကတည်းက ယင်းဆိပ်ကမ်းကို အသုံးပြုလိုသည့် ထိုင်းနိုင်ငံ၊ ကန်ချာနာဘူရီပြည်နယ်က စတင်ခဲ့ပြီး၊ တစ်ဆင့်စီ၊ တစ်ဆင့်စီ၊ လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးလမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ခြင်းဖြစ်ပေသည်။ ယခုအချိန်တွင် နိုင်ငံတောင်အဆင့်သို့ရောက်ရှိ၍ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်သော နှစ်နိုင်ငံဝန်ကြီးချုပ်နှစ်ဦး၏ သဘောတူညီချက်ကို ရရှိပြီးဖြစ်သည့်အပြင် လုပ်ကိုင်မည့်ပုံကြမ်းကိုလည်း ချမှတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းမှတဆင့်တိုး၍ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်ကိုပင် နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများက ၂၀၀၈ ခုနှစ်၊ မေလ (၁၉) ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်စဉ်က စင်္ကာပူ၌ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။
၎င်းပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် မြန်မာနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိ၍ မကြာမီအတွင်း နောက်ထပ်တစ်နေ့လျှင် ကုဗပေ သန်း ၃၀၀ ပို့ပေးနိုင်သော သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကိုဆောက်လုပ်ရန် စီစဉ်လျှက်ရှိသည့် ထိုင်းနိုင်ငံ ပီတီကုမ္ပဏီက နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသော အများပြည်သူအတွက် ဒီဇယ်ဆီ လီတာ (၄၈၀၀၀၀) ကို ၂၀၀၈ ခုနှစ်၊ မေလ(၁၆)ရက်နေ့က လှူဒါန်းခဲ့ရာ တကယ့်လက်တွေ့ အသုံးပြုမည့် ကုမ္ပဏီကြီးကလည်း ဤလုပ်ငန်းစီမံချက်တွင် မည်မျှစိတ်ဝင်စားလျက်ရှိသည်ကို ပေါ်လွင်စေခဲ့ပါသည်။
သို့ဖြစ်ပါ၍ ထားဝယ်ရေနက်ဆိပ်ကမ်း၏ အလားအလာမှာ ထိုင်းနိုင်ငံအစိုးရတစ်ခုတည်းသာမက အိန္ဒိယနိုင်ငံနှင့် ပုဂ္ဂလိကအပိုင်းကလည်း စိတ်ဝင်စားမှု ပွားများလျှက်ရှိသော အပေါင်းလက္ခဏာအများအပြားနှင့် တစ်နေ့တခြားတိုးပွား ဖြည့်ဆည်းလျှက်ရှိသည့် လုပ်ငန်းကြီးတစ်ရပ်အဖြစ် တွေ့မြင်နေရကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာ့ရေနံဆိပ်ကမ်းများ၏ အလားအလာ နောက်ဆက်တွဲ “က”
လက်(ခ်ျ)သင်္ဘောရောက်ခြင်းကြောင့် ကျောက်ဖြူဆိပ်ကမ်းမှရရှိသော ဝင်ငွေ အမေရိကန်ဒေါ်လာများ
စဉ် ----- သင်္ဘောအမည် ------------ခရီးစဉ် -----------ဝင်သည့်နေ့ ----------- ထွက်သည့်နေ့ ----------- အမေရိကန်ဒေါ်လာ
၁။ ------S.S Green Island ----------- ၁ ------------- ၅-၄-၇၅ ----------------- ၇-၄-၇၅ -------------------- ၁၈၇၉၅.၀၀
၂။ ------S.S Green Harbour -------- ၁ ------------ -၂၀-၄-၇၅ --------------- ၂၁-၄-၇၅ ------------------- ၁၉၈၀၄.၀၀
၃။ ------S.S Green Valley ----------- ၁ ------------- ၁၈-၅-၇၅ --------------- ၂၀-၅-၇၅ -------------------၂၃၇၇၅.၀၀
၎။ ------S.S Green Harbour -------- ၂ --------------၂၅-၇-၇၅ ----------------၂၈-၇-၇၅ ------------------- ၃၁၉၈၁.၀၀
၅။ ----- S.S Green Valley ----------- ၂ ------------- ၁၈-၈-၇၅ ----------------၂၀-၈-၇၅ ------------------- ၁၅၀၇၈.၀၀
၆။ ------S.S Green Island ----------- ၂ ------------- ၁၃-၉-၇၅ ----------------- ၁၃-၉-၇၅ ------------------ ၈၈၉၉.၀၀
၇။ ------S.S Green Island------------ ၃ ------------ ၁၅-၉-၇၅ --------------- ၁၅-၉-၇၅ -------------------- ၅၉၂၈.၀၀
၈။ ------S.S Green Forest ----------- ၁ ------------- ၁၇-၉-၇၅ --------------- ၁၇-၉-၇၅ ------------------- ၁၂၈၇၆.၀၀
၉။ ------S.S Green Harbour -------- ၃-------------၂၀-၁၀-၇၅ ---------------၂၀-၁၀-၇၅ ------------------၁၄၄၂၀.၀၀
----------------------------------------------- စက်သုံးဆီများ ထောက်ပံ့မှုကြောင့် ------- ၄၄၅၇၈.၀၀
------------------------------------------------------------------- စုစုပေါင်းရရှိငွေ ---၁၉၈၈၃၄.၀၀
ဒေါက်တာစုစုသာထွန်း
မှတ်ချပ်။ ။
ကျောက်ဖြူမြို့တည် နှစ် (၁၈၀)ပြည့် အထိမ်းအမှတ်၊ ကျောက်ဖြူမဂ္ဂဇင်း (၂၀၀၉) ခုနှစ် ထုတ်မှ ကူးယူဖော်ပြအပ်ပါသည်။
Source http://www.facebook.com/notes/ven-indobhasa/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%80%B1%E1%80%9B%E1%80%94%E1%80%80%E1%80%B9%E1%80%86%E1%80%AD%E1%80%95%E1%80%B9%E1%80%80%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9C%E1%80%AC%E1%80%B8%E1%80%A1%E1%80%9C%E1%80%AC-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%81/559171770778743
0 comments:
Post a Comment