Subscribe:

Tuesday, December 4, 2012

ပညာရေးပေါ်လဆီဆိုင်ရာစာတမ်း


ဤစာတမ်းသည် မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ရာတွင် ထည့်သွင်းစဉ်းစားရန် အချက်များကို ဖော်ပြထားပါသည်။ အောက်ပါကဏ္ဍများ ပါဝင်ပါသည်။ လက်ရှိအခြေအနေ အပေါ်မူတည်၍ စဉ်းစားတင်ပြခြင်းသာဖြစ်ပြီး သုတေသနလေ့လာမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။
၁။ မသင်မနေရပညာရေး / ကလေးအားလုံးအတွက်ပညာရေး
၂။ ရေရှည်တည်တံ့၍အကျိုးရှိသောပညာရေး
၃။ ပညာရေးစနစ်အမျိုးမျိုး (Codes of Education)
၎။ အမျိုးသားထုတ်ကုန်ပမာဏနှင့် အမျိုးသားပျော်ရွှင်မှုပမာဏ (GNP vs. GNH)


၅။ အခြေခံဥပဒေ နှင့် ပညာရေး
၆။ ဗဟိုချုပ်ကိုင်မှုလျော့ချသော ပညာရေးစံနစ် (Decentralized Education System)
၇။ ကျယ်ပြန့်၍မျှတမှုရှိသော သင်ရိုးညွှန်းတမ်း
၈။ ဘာသာစကား နှင့် ပညာရေး
၉။ သင်ယူမှုကိုဗဟိုပြုသော ပညာရေး
၁၀။ ကျောင်းသားများ၏ သင်ယူမှုကို စစ်ဆေးခြင်း နှင့် ၀င်ခွင့်ဆိုင်ရာစာမေးပွဲများ
၁၁။ ကျောင်းပြင်ပ ပညာရေး (Non-formal Education)
      အရွယ်ရောက်ပြီးသူများအတွက်ပညာရေး (Adult Education)
      ရာသက်ပန်သင်ယူခြင်း နှင့် သင်ယူမှုပတ်ဝန်းကျင် (Life-long Learning and Learning Environment)
၁၂။ ပုဂ္ဂလိကကျောင်း ပညာရေး (Private Education)
၁၃။ ဆရာများအတွက် ပညာရေး (Teacher Professional Development)
၁၄။ အထက်တန်း ပညာရေး (Higher Eduation)
၁၅။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေး (Vocational Education)

၁။ မသင်မနေရပညာရေး / ကလေးအားလုံးအတွက်ပညာရေး                                                                                                       (Compulsory Education / Education for All)
ကလေးအားလုံးအတွက် မသင်မနေရပညာရေးသတ်မှတ်ချက်သည် နိုင်ငံတစ်ခုနှင့်တစ်ခု ကွဲပြားကြသည်။ အင်္ဂလန်နိုင်ငံတွင် လက်ရှိပေါ်လစီအရ ကျောင်းဝင်ရမည့်အသက်အရွယ်မှာ လေးနှစ်ခွဲမှငါးနှစ်ခွဲအတွင်းဖြစ်ပြီး အစောဆုံး ကျောင်းထွက်နိုင်သည့်အသက်မှာ ၁၆နှစ် ဖြစ်သည်။
၂၀၁၃တွင် မသင်မနေရပညာရေးကို ကလေး အသက် ၁၇နှစ် အထိ တိုးမြှင့်ပြီး ၂၀၁၇တွင် ၁၈နှစ်အထိ သတ်မှတ်မည်ဖြစ်သည်။
အမေရိကန်တွင် ပြည်နယ် တစ်ခုစီအလိုက် ကွဲပြားမှုရှိသည်။ ကျောင်းဝင်ရမည့်အသက်အရွယ်မှာ ၅နှစ်မှ ၈နှစ်အတွင်း ဖြစ်ပြီး၊ အစောဆုံး ကျောင်းထွက်နိုင်သည့်အသက်မှာ ၁၆နှစ်မှ၁၈နှစ်အတွင်းဖြစ်သည်။ ပြည်နယ်အချို့တွင် မိဘက လျှောက်ထားလာပါက ၁၄နှစ်တွင် ကျောင်းထွက်ခွင့်ပြုသည်။ အိန္ဒိယနိုင်ငံတွင် မသင်မနေရပညာရေးသတ်မှတ်ချက်မှာ ၂၀၀၉ ခုနှစ်ပညာရေးပေါ်လစီအရ အသက်၆နှစ်မှ၁၄နှစ်အထိ ဖြစ်သည်။
မြန်မာနိုင်ငံတွင် မသင်မနေရပညာရေးကို ယနေ့အထိသတ်မှတ်နိုင်ခြင်း မရှိသေးပါ။ လုံးဝကျောင်းမနေသော ကလေးများ၊ မူလတန်းပညာမဆုံးမီကျောင်းထွက်သွားသောကလေးများ များစွာရှိနေသေးသည်။ တကမ္ဘာလုံးတွင် ကလေးအားလုံး ကျောင်းနေနိုင်ရန် (Education for All) ကို United Nations Educational, Scientific and Cultural Organization (UNESCO) မှဦးဆောင်၍ ၂၀၁၅ တွင်အောင်မြင်ရန်ကြိုးပမ်းလျှက်ရှိသည်။
၁၉၉၀ခုနှစ် ထိုင်းနိုင်ငံ Jomtien ညီလာခံမှစတင်လှုံ့ဆော်ခဲ့ပြီး ၂၀၁၀ခုနှစ် Daker ညီလာခံတွင် ပြန်လည်သုံးသပ်ရာ နိုင်ငံများစွာတွင် အောင်မြင်မှုမရှိခဲ့ကြောင်း တွေ့ရသည်။ Daker ညီလာခံမှအောက်ပါအချက်များကို ၂၀၁၅ တွင်ပြည့်မီရန် ချမှတ်ခဲ့သည်။
၁။ မူကြိုပညာရေး (early childhood)  ကို တိုးချဲ့ရန်
၂။ အခမဲ့ မသင်မနေရ မူလတန်းပညာရေး
၃။ ဘ၀တသက်တာ ကျွမ်းကျင်စရာများကို သင်ယူရန်
၎။ အရွယ်ရောက်ပြီးသူများစာမတတ်သူ ပပျောက်ရေး
၅။ ကျား၊ မ တန်းတူပညာရေး
၆။ အရည်အချင်းမြှင့်မားသောပညာရေး
ကလေးအားလုံးအတွက် ပညာရေးသည် ခန္ဓာကိုယ်နှင့် ဥာဏ်ရည်ချို့ယွင်းသောကလေး များ၊ အခြားအထူးလိုအပ် ချက်ရှိသော ကလေးများအပါအ၀င် အားလုံးအတွက်ဖြစ်ရမည်။

၂။ ရေရှည်တည်တံ့၍ အကျိုးရှိသောပညာရေး
   (Education for Sustainable Development)
UNESCO မှ ရေရှည်တည်တံ့၍ အကျိုးရှိသောပညာရေးကို အားပေးသည်။ ဆိုလိုသည်မှာ ပညာရေးသည် စီးပွားရေး တရားမျှတမှုရှိသော၊ ယဉ်ကျေးမှုများကို တန်းတူတန်ဖိုးထားသော၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း သောပညာရေးကို အားပေးပြီး၊ လက်တွေ့ဘ၀ နှင့်လည်း အဆက်အစပ်ရှိရမည်။
ပညာရေးသည် နေထိုင်ရာ ရပ်ရွာ၌ဖြစ်စေ၊ အလုပ်ခွင်၌ ဖြစ်စေ သင်ယူနိုင်သောအခွင့်အလမ်းရှိရမည်။ ပညာရေးစံနစ်သည် အသက်မွေးဝမ်း ကြောင်း ဆိုင်ရာပညာရပ်များ၊ ပြဿနာအရပ်ရပ်ကို ဖြေရှင်နိုင်သည့်စွမ်းရည်များ၊ ယဉ်ကျေးမှုများကို လေးစား တန်ဖိုးထားတတ်မှုများကို ပေးစွမ်းနိုင်ပြီး၊ တာဝန်သိသော နိုင်ငံသားများကို မွေးထုတ်ပေးရမည်။ အောက်ပါ အကြောင်းအရာများကို ထည့်သွင်းသင်ကြားရန် အကြံပြုထားသည်။
၁။ ဇီဝမျိုးကွဲအပင်များ
၂။ ရာသီဥတုပြောင်းလဲမှုများ
၃။ ယဉ်ကျေးမှုများ
၎။ ဌာနေတိုင်းရင်းသားများ၏ အသိပညာများ
၅။ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး
၆။ ဆင်းရဲမှုလျှော့ချရေး
၇။ ကျား၊ မ တန်းတူညီမျှရေး
၈။ ကျန်းမာရေး အသိမြှင့်မားရေး
၉ ။ ကျန်းမာရေးနှင့်ညီသော ဘ၀နေထိုင်မှု
၁၀။ ငြိမ်းချမ်းရေးနှင့် လူသားများ၏ ဘ၀လုံခြုံရေး
၁၁။ ရေအကြောင်း
၁၂။ ကျေးလက်ဖွံ့ဖြိုးရေး
မြန်မာနိုင်ငံဒေသအသီးသီးရှိကျောင်းများအတွက် သင်ရိုးညွှန်းတမ်းများရေးဆွဲသောအခါ အထက်ပါ UNESCO အကြံပြုချက်များကို ထည့်သွင်းစဉ်းစားရပါမည်။

၃။ ပညာရေးစံနစ်အမျိုးမျိုး (Codes of Education)
နိုင်ငံ၊ လူမျိုးတို့၏ အမျိုးသားရေး ရည်မှန်းချက်ကိုအခြေခံ၍ ပညာရေးစံနစ်အမျိုးမျိုးဖြင့် ချဉ်းကပ်ကြသည်။ ယေဘုယျအားဖြင့်ပုံသဏ္ဍာန်လေးမျိုးတွေ့ရသည်။
(၁) ယဉ်ကျေးမှုအစဉ်အလာများကူးပြောင်းခြင်း
ခက်ခဲနက်နဲ၍ရှေးအစဉ်အဆက်တန်ဖိုးထားသော ပညာရပ်များကိုပို့ချသည်။ လက်ရွေးစင်လူတော်များကို ရွေးချယ် ၍ ပိုမိုအဆင့်မြင့်သောပညာရပ်များကို သင်ကြားပေးသည်။ တစ်ဖက်ကမ်းခပ်တတ်မြောက်သူမှာ လူနည်းစုသာ ဖြစ်သည်။ တာဝန်ရှိသူများမှတင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို ချမှတ်သည်။
(၂) ကျောင်းသားဗဟိုပြုပညာရေး
ကျောင်းသားတစ်ဦးချင်း၏ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးသည်။ ကျောင်းသားက မိမိနှစ်သက်ရာဘာသာရပ်ကို ရွေးချယ်သင်ယူနိုင်သည်။ စည်းမျဉ်းစည်းကမ်းများကို အများသဘောတူချမှတ်သည်။ ကျောင်းသား၏စိတ် ၀င်စားမှုနှင့် လိုအပ်ချက်ကို ကျောင်းကဖြည့်ဆည်းပေးရသည်။ လွတ်လပ်ခြင်းနှင့်တာဝန်ရှိမှုကို ပြိုင်တူလေ့ကျင့်သည်။ စာသင်ကျောင်းသည် လူ့အဖွဲ့အစည်းကိုဝေဖန်ထောက်ပြသည့်နေရာလည်းဖြစ်သည်။
(၃) လူမှုပြုပြင်ပြောင်းလဲရေး
သင်ယူမှုသည် တက်ကြွစွာပါဝင်သော လူမှုရေးဖြစ်စဉ်ဟုသဘောထားသည်။ ဆရာများသည် ကျောင်းသားများ အပေါ်လွှမ်းမိုးမှုမရှိစေဘဲ၊ ကျောင်းသားသင်ယူနိုင်အောင် လမ်းညွှန်မှုပေးသည်။ လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာကြီးတွင်ခေတ်ဟောင်းမှ အသိပညာများကို ဖြန့်ဖြူးပေးရန်မလိုအပ်တော့ဟု ခံယူသည်။ စာသင်ကျောင်းကို လူ့အဖွဲ့ အစည်းပြုပြင်ပြောင်းလဲရေးအတွက် ကိရိယာအဖြစ် အသုံးပြုသည်။
(၄) အမျိုးသားထုတ်ကုန်ပမာဏ မြှင့်မားရေးကို ဦးတည်သောပညာရေး
     (Code of Gross National Product)
စာသင်ကျောင်းသည် ကျွမ်းကျင်သောပညာသည်များနှင့်အလုပ်သမားများကို မွေးထုတ်ရန် ရည်ရွယ်သည်။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စာသင်ကျောင်းသည် အဓိကကျသော အခန်းမှပါဝင်သည်။ သင်ရိုးညွှန်းတမ်းကို ဗဟိုပညာရေးဌာနှမှ ရေးဆွဲပြဌာန်းသည်။ သင်ရိုးညွှန်းတမ်းတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်ပညာများ ပါဝင်စေသည်။
မြန်မာနိုင်ငံ၏ ပညာရေးမူဝါဒကို ရေးဆွဲရာတွင် ပညာရေးရည်မှန်းချက်များကို အကျေအလည် ဆွေးနွေးကြပြီးမှ ရေရှည်အကျိုးရှိမည့် ပညာရေးစံနစ်ကို စဉ်းစားသင့်ပါသည်။

၎။ အမျိုးသားထုတ်ကုန်ပမာဏ နှင့် အမျိုးသားပျော်ရွှင်ချမ်းမြှေ့မှု ပမာဏ (GNP vs. GNH)
နိုင်ငံတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုကို ထုတ်ကုန်ပမာဏနှင့်တိုင်းတာခြင်းမပြုဘဲ နိုင်ငံသားတို့၏စိတ်ချမ်းသာပျော်ရွှင်မှု ပမာဏနှင့်တိုင်းတာရန် ဘူတန်(Butan)နိုင်ငံမှ စတင်အဆိုပြုသည်။ အမျိုးသားပျော်ရွှင်ချမ်းမြှေ့မှုပမာဏကို အောက်ပါအချက်လေးချက် အပေါ်အခြေခံ၍ တိုင်းတာသည်။
(၁) ရေရှည်တည်တံ့အကျိုးရှိသော ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ခြင်း (Promotion of Sustainable Development)
(၂) ယဉ်ကျေးမှုတန်ဖိုးများကို ထိန်းသိမ်းမြှင့်တင်ခြင်း (Preservation and Promotion of Cultural Values)
(၃) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း (Conservation of the Natural Environment)
(၄) ကောင်းမွန်သောအုပ်ချုပ်ရေးကို ဖော်ဆောင်ခြင်း (Establishment of Good Governance)
နိုင်ငံသားတို့၏ပျော်ရွှင်မှုကိုဖြစ်စေသည့် အခြေခံအချက်များမှာ
-    ခန္ဓာကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာမှု
-    အချိန်ကိုမျှတစွာအသုံးချနိုင်မှု
-    ရပ်ရွာ၏အရေးပါမှု
-    ယဉ်ကျေးမှု၏အရေးပါမှု
-    ပညာရေးမြှင့်မားမှု
-    သက်ရှိ နှင့် အပင်တို့၏သဟဇာတမျှတမှု (ecological vitality)
-    လူနေမှုအဆင့်အတန်း နှင့်
-    ကောင်းမွန်သောအုပ်ချုပ်မှုတို့ဖြစ်သည်။
ပညာရေးမူဝါဒချမှတ်ရာတွင်လည်းကောင်း၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင်လည်းကောင်း အမျိုးသားပျော်ရွှင် ချမ်းမြေ့မှုကို ထည့်သွင်းစဉ်းစားရပါမည်။

၅။ အခြေခံဥပဒေနှင့်ပညာရေး
အခြေခံဥပဒေသည် ပညာသင်ယူပိုင်ခွင့်နှင့်တရားမျှတမှုရှိသော ပညာရေးကိုအာမခံသည်။ အသိပညာမြှင့်မားမှု ကလည်း အခြေခံဥပဒေကို ပုံသွင်းပေးနိုင်သည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပညာရေးနှင့်ပတ်သက်၍ အောက်ပါ ပုဒ်မများ တွင်ဖော်ပြထားသည်။
အခြေခံမူများ - ပုဒ်မ ၂၂
(က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။
အခြေခံမူများ - ပုဒ်မ ၂၈
(က) ပညာရေးနှင့်ကျန်းမာရေးကို အလေးထားဆောင်ရွက်မည်။
(ခ) ပညာရေးနှင့်ကျန်းမာရေးတွင် တိုင်းရင်းသားပြည်သူများပါဝင်ဆောင်ရွက်ရန် ဥပဒေ ပြဌာန်းမည်။
(ဂ) အခမဲ့ မသင်မနေရမူလတန်းပညာရေးစံနစ်ဖော်ဆောင်မည်။
(ဃ) အတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး [..…] အကျိုးပြုမည့် ခေတ်မီပညာရေးစံနစ် ဖော်ဆောင်မည်။
အခြေခံမူများ - ပုဒ်မ ၃၃
နိုင်ငံတော်သည် လူငယ်များမျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်မည်။
မူလအခွင့်အရေးနှင့် တာဝန်များ - ပုဒ်မ ၃၆၆
နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်သောပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ
(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်။
(ခ) မသင်မနေရအခြေခံပညာကို သင်ကြားရမည်။
(ဂ) သိပ္ဗံ၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့တွင် လွတ်လပ်စွာသုတေသနပြုခွင့်ရှိသည်။
အထွေထွေပြဌာန်းချက် - ပုဒ်မ ၄၅၀
မြန်မာစာသည် ရုံးသုံးစာဖြစ်သည်။
ပညာရေးကိုအလေးထားဆောင်ရွက်ရန် အခြေခံမူအဖြစ်ပြဌာန်းထားသဖြင့် အားတက်ဖွယ်ဖြစ်ပါသည်။ မသင်မနေ ရပညာရေးကိုမူ မူလတန်း အဆင့်သာ သတ်မှတ်ထားသည်ကို တွေ့ရသည်။ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် အနိမ့်ဆုံးအသက်အရွယ်ဖြစ်သော ၁၄နှစ် အထိ မသင်မနေရပညာရေး သတ်မှတ်ရန် သင့်ပါသည်။
အခြေခံမူ ပုဒ်မ ၂၈ အပိုဒ် (ဃ) တွင်ဖော်ပြထားသော “အတွေးအခေါ် မှန်ကန်၍ […..] ခေတ်မီပညာရေးစံနစ် ဖော်ဆောင်မည်။” ဆိုသည့် အချက်တွင် “အတွေး အခေါ်မှန်ကန် ….” ဆိုသည်မှာ မရှင်းလင်းပါ။ အတွေးအခေါ်အမျိုးမျိုး၊ အယူအဆ အမျိုးမျိုးအတူယှဉ်တွဲနေထိုင်နိုင်သည့် ဒီမိုကရေစီခေတ်ကာလတွင် တစ်စုံတစ်ယောက်၊ တစ်ဖွဲ့တစည်း၏ အတွေး အခေါ်ကို အမှန်အဖြစ်ယူဆခြင်းသည် မသင့်လျော်ပါ။
မူလအခွင့်အရေးနှင့်တာဝန်များ ပုဒ်မ ၃၆၆ အပိုဒ် (ဂ) တွင် သိပ္ဗံ၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့တွင် လွပ်လပ်စွာ သုတေသနပြုခွင့်ရှိသည်ဟု ဖော်ပြထားသည်မှာလည်း အားတက်ဖွယ်ဖြစ်ပါသည်။ သုတေသနတွေ့ရှိ ချက်များကိုလည်း လွတ်လပ်စွာဖော်ပြ နိုင်သည့် Academic Freedom လည်းရှိရပါမည်။
အခြေခံမူများ ပုဒ်မ ၂၂ အပိုဒ် (ဂ) တွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်၊ နိုင်ငံတော်က အကူအညီပေးမည်ဟုသာဖော်ပြပြီး ၊ လက်တွေ့ အကောင်အထည်ဖော်ရန်မှာ သက်ဆိုင်ရာတိုင်းရင်းသားများ ကိုယ်တိုင်ဖြစ်သည်ဟု အဓိပ္ပါယ်ရပါသည်။
သို့ရာတွင် အထွေထွေပြဌာန်းချက် ပုဒ်မ ၄၅၀ တွင် “မြန်မာစာသည် ရုံးသုံးစာဖြစ်သည်” ဟုဖော်ပြထားသဖြင့် အခြားဘာသာ စကားများဖွံ့ဖြိုးတိုးတက်မှုတွင် အကန့်အသတ်ရှိနေပါသည်။
အများသုံးတိုင်းရင်းသားဘာသာစကားများကို ရုံးသုံးဘာသာအဖြစ်ပြဌာန်းနိုင်လျှင် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း ပိုမိုရရှိနိုင်ပါမည် ။

၆။ ဒေသအလိုက်လွတ်လပ်စွာ ဖွံ့ဖြိုးခွင့်ရှိသည့် ဗဟိုချုပ်ကိုင်မှုလျှော့ချသော ပညာရေးစံနစ်   
    (Decentralization of Education)
မြန်မာနိုင်ငံသည် သမိုင်း၊ ယဉ်ကျေးမှုနှင့်ဘာသာစကားကွဲပြားသော တိုင်းရင်းသားလူမျိုး များစုပေါင်းနေထိုင် ကြသည့်တိုင်းပြည်ဖြစ်၍ ဗဟိုမှချုပ်ကိုင်သော ပညာရေးစံနစ်သည် ဆီလျော်ကိုက်ညီမှုမရှိပါ။
-    မြန်မာနိုင်ငံဒေသအသီးသီးတွင် ဗဟိုချုပ်ကိုင်မှုမရှိဘဲ၊ ပညာရေးကို လွတ်လပ်စွာ ဖွံ့ဖြိုးစေသင့်သည်။
-    ပြည်နယ်/ဒေသ အသီးသီးတွင် ပညာရေးနှင့်သက်ဆိုင်သော ဒေသခံများပါဝင်ရေးဆွဲသည့် သင်ရိုးညွှန်းတမ်း ကိုပြဌာန်းသင့်သည်။
-    ပညာရေးအသုံးစရိတ်အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရတို့ အချိုးကျထည့်ဝင်သင့်သည်။
-    စာသင်ကျောင်းစီမံခန့်ခွဲမှုကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူ၍ ပြည်နယ် အစိုးရနှင့်ဗဟိုအစိုးရတို့မှ အရည်အချင်းပြည့်မီသော ပညာရေးဖြစ်ရန် အားပေး ကူညီသင့်သည်။
ဥပမာအနေဖြင့် အမေရိကန်တွင် ပညာရေးဆိုင်ရာ အဓိကတာဝန်ရှိမှုသည် ပြည်နယ်အစိုးရ အပေါ်၌သာ တည်သည်။ အမေရိကန်တစ်နိုင်ငံလုံးတပြေးညီ ကျင့်သုံးသည့် ပညာရေးမူဝါဒမရှိပါ။  ပညာရေးအသုံးစရိတ်အတွက် ပြည်ထောင်စုအစိုးရမှ ၇ %၊ ပြည်နယ် အစိုးရမှ ၄၇% နှင့်ဒေသဆိုင်ရာအစိုးရမှ ၄၆% ထည့်ဝင်သည်။ အင်္ဂလန် နိုင်ငံတွင် စကော့ တလန်၊ အိုင်ယာလန်နှင့်ဝေလနယ်တို့တွင် ပညာရေးမူဝါဒ ကိုယ်တိုင်ရေးဆွဲ ကျင့်သုံးသည်။

၇။ ကျယ်ပြန့်၍ မျှတမှုရှိသော သင်ရိုးညွှန်းတမ်း
မြန်မာနိုင်ငံတွင် ပြည်နယ်/ဒေသအလိုက် ဖွံ့ဖြိုးခွင့်ရှိသော ပညာရေးစံနစ်ပြဌာန်းသင့် ကြောင်းအထက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ လူမျိုး/ဒေသ အသီးသီး၏ ပညာရေးရည်မှန်းချက်ကိုထင်ဟပ်သော သင်ရိုးညွှန်းတမ်း ၏ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်အချက်များပါဝင်ပါမည်။ သို့ရာတွင် နိုင်ငံ/လူမျိုး/ဒေသ၏ လိုအပ်ချက်နှင့် ကျောင်းသားများ၏ စိတ်ဝင်စားမှုကို မျှတစွာစဉ်းစားရပါမည်။ သင်ရိုးညွှန်းတမ်းသည် အောက်ပါအခြေခံမူများ ရှိသင့်ပါသည်။
- ကျောင်းသားအားလုံးပညာရေးအခွင့်အလမ်းတူညီစေရမည်။ (equal opportunities)
- ကျောင်းသားများဘ၀တစ်လျှောက်လုံးအတွက်အသုံးဝင်မည့် အသိပညာ၊ အတတ်ပညာ နှင့် ကျွမ်းကျင်မှုများ ပေးအပ်နိုင်ရမည်။
- ကျောင်းသားများလွတ်လပ်စွာလေ့လာတင်ပြနိုင်ပြီး ရာသက်ပန်သင်ယူနိုင်သည့် အခွင့် အလမ်းများရှိစေရမည်။ (independent life-long learner)
- ကျောင်းသင်ခန်းစာများသည် လက်တွေ့ဘ၀တွင်တကယ်ရှိနေသည့် လူများ၊ အတွေးအခေါ်များ၊ အဖြစ်အပျက် များနှင့် အဆက်အစပ်ရှိရမည်။
- သင်ယူမှုတွင်အတတ်ပညာနှင့်ကျွမ်းကျင်မှုရှိယုံမျှမက တန်ဖိုးထားမှုများကိုလည်း ဖော်ပြ နိုင်ခွင့်ရှိစေရမည်။
- ကျောင်းသားများသည် မတူကွဲပြားမှုများကို လေးစားခြင်း၊ တန်းတူညီမျှမှုကို တန်ဖိုး ထားခြင်း၊ တာဝန်သိခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်း အရည်အသွေးပြည့်ဝသည့် နိုင်ငံသား ဖြစ်စေရမည်။
သင်ရိုးညွှန်းတမ်းတွင် ကျောင်းသားများသင်ယူရမည့် ဘာသာရပ်များ
-    ဘာသာစကားများ (languages)
-    သခ်ာၤ
-    သိပၺံ
-    လူမှုရေးဘာသာရပ်များ (ပထ၀ီ၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေး …)
-    စက်မှု၊ စိုက်ပျိုး၊ ဆက်သွယ်ရေးနည်းပညာများ (Technical/ Agriculture/ ICT)
-    ဂီတ / အနုပညာ
-    နိုင်ငံသားပညာရေး
-    ကျန်းမာရေးနှင့်အားကစား (Physical & Health Education)

၈။ ဘာသာစကားနှင့်ပညာရေး
မြန်မာနိုင်ငံသည် မတူကွဲပြားသောလူမျိုးနှင့် ဘာသာစကားများ တည်ရှိရာနိုင်ငံဖြစ်၍ ဘာသာစကားများစွာ ပါဝင်သောပညာရေး (multi-lingual education) စံနစ်ကို ကျင့်သုံးသင့်ပါသည်။ ဤဘာသာစကားစံနစ်တွင် အနည်းဆုံးဘာသာစကားသုံးခု သင်ကြားရန် UNESCO မှ ၁၉၉၉ တွင် အကြံပြုထားပါသည်။
အဆိုပါ ဘာသာစကားသုံးခု မှာ (၁) မိခင်ဘာသာစကား (၂) နိုင်ငံလုံးဆိုင်ရာဘာသာစကား၊ (၃) နိုင်ငံတကာသုံးဘာသာ စကားတို့ဖြစ်ပါသည်။
အခြေခံဥပဒေတွင်လည်း အသုံးများသည့် တိုင်းရင်းသားဘာသာစကားများကို ရုံးသုံးဘာသာစကားအဖြစ် သတ် မှတ်သင့်သည်။ ဥပမာအနေဖြင့် အိန္ဒိယနိုင်ငံတွင် တရားဝင်ရုံးသုံးဘာသာစကား ၁၉ မျိုးရှိပြီး၊ တောင်အာဖရိက တွင် ၁၁ မျိုးရှိသည်။
တိုင်းရင်းသား ဘာသာစကားတစ်ခုသည် တရားဝင်ရုံးသုံးဘာသာ စကားဖြစ်လျှင် ကျောင်း သားများ ဘာသာစကား သင်ကြားမှုသည်လည်း အဓိပ္ပါယ်ရှိပြီး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ ထိန်းသိမ်း ဖွံ့ဖြိုးရန်အတွက်လည်း အကျိုးရှိပါသည်။ (ဒေါက်တာ သိန်းလွင်၏ ”မြန်မာနိုင်ငံလူမျိုးများ၏ ဘာသာစကားနှင့်ပညာရေး” စာတမ်းတွင် အသေးစိပ်ဖော်ပြ ထားပါသည်။)

၉ ။ သင်ယူမှုကို ဗဟိုပြုသော ပညာရေး (Learning-Centered Education)
ဆရာဗဟိုပြုစနစ်မှ ကျောင်းသားဗဟိုပြုစံနစ်သို့ ပြောင်းသင့်ကြောင်းပြောဆိုချက်များမကြာခဏကြားနေရပါသည်။ မြန်မာနိုင်ငံတွင်လည်း ကလေးဗဟိုပြုပညာရေး Child-Centered Approach (CCA) ကို NGOများဦးဆောင်၍ သင်တန်းများပေးနေကြပါသည်။
မြန်မာနိုင်ငံ စစ်အစိုးရလက်ထက်ပညာရေးသည် ဆရာဗဟိုပြုပညာရေးမဟုတ်ပါ။ ဆရာများက သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံဗဟုသုတနှင့် စေတနာတို့ဖြင့်ကျောင်းသားများ တိုးတက်အောင် ဆောင်ရွက်နိုင်ခွင့်မရှိပါ။ အစိုးရပြဌာန်းထားသော သင်ခန်းစာစာအုပ် (textbooks) များတွင်ပါဝင်သည့် စာများ ကိုသာ တဆင့်ဖြန့်ဖြူးပေးရသူများဖြစ်ပါသည်။
ကလေးဗဟိုပြုသင်ကြားနည်းကို သင်တန်းပေးနေသူများကလည်း အဓိပ္ဗါယ်ဖွင့်ဆိုချက်ရှင်းရှင်းလင်းလင်းရှိရန် လိုအပ်ပါသည်။ ကလေးက မိမိသင်ယူချင်တာကိုရွေးချယ်၊ မသင်ချင်တာကိုဘေးဖယ်၊ ဆရာက ကလေး လုပ်သမျှကို ဖြည့်ဆည်းပေးယုံမျှဆိုလျှင် ဆရာ၏အခန်းကဏ္ဍလည်းလျော့ကျ၍ ကလေး၏သင်ယူမှုလည်း လမ်းလွဲသွားနိုင်သည်။
နိုင်ငံ/လူမျိုး/လူ့အဖွဲ့အစည်း၏ လိုအပ်ချက်နှင့်ကလေး၏စိတ်ဝင်စားမှုကို မျှတစေပြီး၊ ကလေး၏ သင်ယူမှုကို ထိရောက်စေသောနည်းစံနစ်ကို အသုံးပြုသင့်ပါသည်။ သင်ယူမှုကိုဗဟိုပြုသော ပညာရေး (Learning-Centered Education) ကိုအားပေးသင့်ပါသည်။
ကျောင်းသားသင်ယူသည့် ဘာသာရပ်ကို ထိထိရောက်ရောက်ဖြစ်စေရန်၊ ကျောင်းသားကိုယ်တိုင်လေ့လာအား ထုတ်သင်ယူနိုင်ရန်၊ သင်ယူမှုအပေါ်နှင့် သင်ယူသည့်အကြောင်းအရာအပေါ် ဝေဖန်ပိုင်းခြားစဉ်းစားနိုင်ရန် သင်ယူမှု ပတ်ဝန်းကျင် ဖန်တီးပေးရပါမည်။
သင်ယူသည့်အကြောင်းအရာအပေါ် အဓိပ္ဗါယ်ဖွင့်ဆိုချက်ကွဲလွဲနိုင်သဖြင့် အယူအဆ ကွဲပြားမှုများထွက်ပေါ်လာပါက စံနစ်တကျလေ့လာတင်ပြသော အထောက်အထားခိုင်လုံ၍ ကျိုးကြောင်းဆီ လျော်သောတင်ပြချက်များကို အားပေးရပါမည်။ အမှန်/အမှား သတ်မှတ်ချက်ထက် ကျိုးကြောင်းခိုင်လုံမှုကို အမှတ် ပေးရပါမည်။
သတင်းနည်းပညာနှင့်ဆက်သွယ်ရေးစံနစ်များ တိုးတက်လျှက်ရှိသောကမ္ဘာကြီးတွင် သမိုင်းနောက်ခံ၊ ယဉ်ကျေးမှု၊ တန်ဖိုးထားမှုနှင့် အတွေးအခေါ်အမျိုးမျိုးရှိသူများ ပေါင်းဆုံနေသည့်ခေတ်တွင် ဘာကိုလက်ခံ၍ ဘာကိုငြင်းပယ် ရမည်ဆိုသည့် စိန်ခေါ်မှုနှင့်နေ့စဉ်ရင်ဆိုင်နေရပါသည်။ ကိုယ်တိုင်လေ့လာသင်ယူ၍ ဝေဖန်ပိုင်းခြားစဉ်းစား ဆုံးဖြတ်ခြင်းဖြင့်သာ အမှားနည်း၍ အမှန်နှင့်နီးစပ်သော အဖြေများရနိုင်ပါသည်။ သင်ယူမှုကိုဗဟိုပြု၍ ဝေဖန် ပိုင်းခြားစဉ်းစားသောနည်းစံနစ်များကို အားပေးရပါမည်။

၁၀။ ကျောင်းသားများ၏သင်ယူမှုကို စစ်ဆေးခြင်းနှင့် ၀င်ခွင့်ဆိုင်ရာစာမေးပွဲများ
      (Assessment for Learning and Assessment for Selection)
မြန်မာနိုင်ငံပညာရေးကို နိမ့်ကျသွားစေသည့်အချက်များအနက် အရေးကြီးသောအချက် တစ်ခုမှာ စာမေးပွဲစံနစ် ဖြစ်ပါသည်။ စာမေးပွဲရမှတ်ဖြင့် အတန်းအောင်၊ အတန်းချ စံနစ်ကျင့်သုံးခြင်း၊ စာမေးပွဲရမှတ်ဖြင့် ၀ိဇ္ဇာ၊ သိပ္ဗံ ဘာသာရပ်ခွဲခြားခြင်း၊ စာမေးပွဲရမှတ်ဖြင့် တက္ကသိုလ်ဘာသာရပ်များ သင်ယူစေခြင်းတို့သည် ကျောင်းသား၏ စိတ်ဝင်စားမှုနှင့် သင်ယူမှုကို ထိခိုက်စေသည်။
အစိုးရကလည်း စာမေးပွဲကိုဗဟိုပြု၊ မိဘကလည်း စာမေးပွဲကို ဗဟိုပြု၊ ဆရာကလည်းစာမေးပွဲကို ဗဟိုပြုသဖြင့် ကျောင်းသားက အမှန်တကယ် သင်ယူမှုမပြုတော့ဘဲ စာမေးပွဲ အမှတ်ကောင်းရန်အတွက်သာလုပ်တော့သည်။ ကျူရှင်များ ပေါ်လာသည်မှာလည်း စာမေးပွဲစံနစ်ကြောင့်ဖြစ်သည်။ ပညာရေးမသမာမှုများရှိလာ သည်မှာလည်း စာမေးပွဲစံနစ်ကြောင့်ပင်ဖြစ်သည်။
မြန်မာနိုင်ငံပညာရေးစံနစ်ပြုပြင်ပြောင်းလဲမှုတွင် စာမေးပွဲစံနစ်ကိုပါ တပါတည်းပြုပြင်ရပါမည်။ ကျောင်းသားများ၏ သင်ယူမှုကိုအားပေးသော စစ်ဆေးနည်းစံနစ်များကို ကျင့်သုံးရပါမည်။ အခြေခံပညာပြီးဆုံးသည်အထိ အကျအရှုံး မရှိဘဲ တကယ်သင်ယူတကယ်တတ်မြောက်သည့်နည်းနာများ ရှိပါသည်။ စစ်ဆေးနည်းစံနစ်အသေးစိပ်ကို သီးခြား စာတမ်းတစ်ခုတွင် ဆွေးနွေးပါမည်။
တက္ကသိုလ်ဝင်ခွင့်နှင့်ပတ်သက်၍ ဆယ်တန်းစာမေးပွဲရမှတ်အပေါ် အခြေခံ၍ရွေးချယ်ခြင်းမလုပ်ဘဲ၊ ကျောင်းသား ၏သင်ယူလိုစိတ်နှင့် သင်ယူနိုင်သည့် စွမ်းရည်အပေါ်အခြေခံပြီး သင်ကြားခွင့်ပြုသင့်သည်။ တက္ကသိုလ်ဝင်ခွင့်စာ မေးပွဲများကျင်းပ၍ မိမိဝါသနာပါသည့် ဘာသာရပ်အတွက် ပြင်ဆင်ဝင်ရောက် ဖြေဆိုနိုင်ခွင့်ရှိစေရမည်။ မသမာမှု ကင်းသောစာမေးပွဲများ ဖြစ်ရမည်။
ပီဇာ(PISA)ဟုခေါ်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးရေးအဖွဲ့(OECD)၀င်နိုင်ငံများက စာမေးပွဲကျင်းပ၍ နိုင်ငံတစ်ခုနှင့်တစ်ခုပညာရေးပေါ်လစီကိုလေ့လာသည့် အစီအစဉ်တစ်ခုရှိသည်။ အဖွဲ့ဝင် ၆၇ နိုင်ငံမှ အသက် ၁၅နှစ်အရွယ်ကျောင်းသား ၅၀၀၀ စီ ၀င်ရောက်ဖြေဆိုသည်။ စာမေးပွဲကိုသုံးနှစ်တစ်ကြိမ်ကျင်းပပြီး သချာင်္၊ သိပ္ဗံ နှင့် စာဖတ်ခြင်း (Reading) ဘာသာရပ်များဖြေဆိုရသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင်တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ကျောင်းသားများက အမှတ်အများဆုံးရရှိသည်။ သက္ကရာဇ် ၂၀၀၀၊ ၂၀၀၃ နှင့် ၂၀၀၆ နှစ်များတွင် ဖင်လန်နိုင်ငံက အမှတ်အများ ဆုံးရရှိသည်။
အထက်ပါဥပမာကို နမူနာယူ၍ မြန်မာနိုင်ငံတွင် ဒေသ/ပြည်နယ်အလိုက် ပညာရေးလွတ်လပ်ခွင့်ရှိလာလျှင် ပြည်နယ်အားလုံးပါဝင်သည့် စာမေးပွဲကျင်းပ၍ ပညာရေးမူဝါဒများ အပြန်အလှန်လေ့လာသင့်သည်။

၁၁။ ကျောင်းပြင်ပ ပညာရေး (Non-formal Education)
      (အရွယ်ရောက်ပြီးသူများပညာရေး/ရာသက်ပန်ပညာရေးနှင့် သင်ယူမှုပါတ်ဝန်းကျင်)
ကျောင်းတစ်ကြိမ်မှမနေဘူးသော လူငယ်များ၊ မူလတန်းမဆုံးမီကျောင်းထွက်ခဲ့ကြသော လူငယ်များ၊ အလယ်တန်း မဆုံးမီ ကျောင်းထွက်ခဲ့ကြသောလူငယ်များအပါအ၀င် အခြေခံပညာပြီးဆုံးအောင် သင်ယူခွင့်မရခဲ့ကြသော လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာနှင့် အထက်တန်းပညာရပ်များကို ဆက်လက်ဆည်းပူးနိုင်ရန် ကျောင်းပြင်ပ ပညာရေးကို ဖန်တည်းပေးသင့်သည်။
မြန်မာနိုင်ငံပညာရေးသည် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘ၀များနှင့် အဆက်အစပ်ကင်းမဲ့နေသဖြင့် တက္ကသိုလ် ဘွဲ့ရသော်လည်း ကျွမ်းကျင်သောအလုပ်အကိုင် တစ်ခု ရရှိရန်ခက်ခဲပြီး ဘွဲ့ရအလုပ်လက်မဲ့လူငယ်များစွာ ရှိနေသည်။ အဆိုပါလူငယ်များအတွက် ကျောင်းပြင်ပ ပညာရေးဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်နှင့် ကျွမ်းကျင်မှုများ သင်ကြားပေးသင့်သည်။
နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ လက်ရှိအလုပ်အကိုင်တစ်ခုခုတွင် လုပ်ကိုင်နေသူများအပါအ၀င် လူတိုင်းသည် အမြဲမပြတ်လေ့လာသင်ယူနေရန်လိုအပ်သည်။ နိုင်ငံတကာတွင်လည်း ရာသက်ပန်ပညာရေး (life-long learning) ကို ဦးစားပေး လုပ်ဆောင်နေကြသည်။
မြန်မာနိုင်ငံဒေသအသီးသီးတွင် ပညာလေ့လာဆည်းပူးရာဌာနများ (learning centers) ဖွင့်လှစ်၍ အရွယ်ရောက် ပြီးသူတိုင်း ပညာသင်ယူနိုင်အောင် ဆောင်ရွက်သင့်သည်။ အဆိုပါရပ်ရွာအသီးသီးရှိ ပညာဆည်းပူးရာဌာနများ (community learning centers) သည် တည်ဆဲတက္ကသိုလ်၊ ကောလိပ်နှင့်ကျောင်းအဆောက်အဦးများတွင် ညှိနှိုင်းဖွင့်လှစ်နိုင်လျှင် ကုန်ကျစရိတ်ကိုလျှော့ချနိုင်မည်။
ရပ်ရွာအတွင်းနေထိုင်သူများကိုယ်တိုင် မိမိတို့ကျွမ်းကျင် ရာဘာသာရပ်ကို လာရောက်ပို့ချနိုင်သည်။ လူတိုင်းလူတိုင်းသည် မိမိကျွမ်းကျင်ရာကိုဝေမျှ၍ အသစ်ကိုသင်ယူ ကြသော သင်ယူမှုပတ်ဝန်းကျင် (learning community) ထူထောင်နိုင်လျှင် အသိပညာဖွံ့ဖြိုးသော လူ့အဖွဲ့ အစည်း (knowledge society) ကို တည်ထောင်နိုင်ပါမည်။

၁၂။ ပုဂ္ဂလိကကျောင်း ပညာရေး (Private Education/School)
၁၉၆၂ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းတွင် ပုဂ္ဂလိကကျောင်းများကို ပြည်သူပိုင်သိမ်း၍ အစိုးရကျောင်းများ အဖြစ် ပြောင်းလဲဖွင့်လှစ်သည်။ ပညာရေးစံနစ်၏အားနည်းချက်နှင့် စာမေးပွဲဗဟိုပြုစံနစ်များကြောင့် တရားမ၀င် ကျူရှင်ကျောင်းများ၊ ဘော်ဒါကျောင်းများ မြန်မာနိုင်ငံဒေသအသီးသီးတွင် ပေါ်လာခဲ့သည်။
၂၀၁၁ ဒီဇင်ဘာလ အတွင်း ပြဌာန်းလိုက်သည့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေသည် ကိုယ်ပိုင်ကျောင်း (private school) များ၏ အနှစ်သာရကိုမတွေ့ဘဲ တရာမ၀င်ဖြစ်နေသော ယခင်ကျူရှင်ကျောင်းနှင့် ဘော်ဒါကျောင်းများကို တရားဝင်ရန် ပြဌာန်းသော ဥပဒေမျှသာဖြစ်သည်။ အဆိုပါဥပဒေတွင် နိုင်ငံရေးမပြောရ၊ ဘာသာရေးမသင်ရ အစရှိသည့် ကန့်သတ်ချက်များပါဝင်နေသဖြင့် ဒီမိုကရေစီပညာရေးစံနစ်ကိုတားဆီးထားသလိုပင်ဖြစ်နေသည်။
လူအများတက်ရောက်သည့် အစိုးရကျောင်များကို အရည်အချင်းမြင့်မားအောင် ဆောင်ရွက်သင့်သည်။ သို့ရာတွင် အစိုးရကျောင်းများသည် လူအများနှင့်ကိုက်ညီအောင်လုပ် ရသဖြင့်လူနည်းစုများ (ဘာသာစကားဆိုင်ရာလူနည်းစု၊ ဘာသာရေးဆိုင်ရာ လူနည်းစု…) အတွက် မဖြည့်ဆည်းပေးနိုင်သော အရာများရှိနိုင်ပါသည်။ အဆိုပါလူနည်းစုများ အတွက် ပုဂ္ဂလိကကျောင်းများ ထူထောင်ခွင့်ပြုသင့်သည်။ ပညာရေးကိုစီးပွားရေးအကျိုးအမြတ်အတွက်ရည်ရွယ်၍ ပုဂ္ဂလိကကျောင်းများထူထောင်ခြင်းကို အားမပေးသင့်ပါ။
ဘာသာရေးတန်ဖိုးထားမှုများအပေါ်အခြေခံ၍ ဖွင့်လှစ်သည့်ပုဂ္ဂလိကကျောင်းများတွင် ဘာသာရေးသင်ခန်းစာ မသင်ရဟုကန့်သတ်၍မရပါ။ ကျောင်း၏ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့်သင်ရိုးညွှန်းတမ်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားရမည်ဖြစ်ပြီး၊ ကျောင်းသားနှင့်မိဘကကျောင်းကို ရွေးချယ်နိုင်ခွင့်ရှိစေရမည်။ ထို့ပြင်ကျောင်းသင်ခန်း စာသည် လက်တွေ့လူမှုဘ၀နှင့်အဆက်အစပ်ရှိရန်လိုအပ်သဖြင့် နိုင်ငံ၏အရေးအရာကိစ္စများဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကိုလည်း ကျောင်းများတွင် လေ့လာဆွေးနွေး ခွင့်ရှိစေရမည်။

၁၃။ ဆရာများအတွက်ပညာရေး
အရည်အချင်းမြှင့်မားသောပညာရေးကို ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ၏ အရည်အချင်းကိုမြှင့်တင်ရ ပါမည်။ လက်ရှိသင်ကြားပြသနေသော ဆရာ၊ ဆရာမများသည် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်လျှက်တာဝန်ထမ်း ဆောင်နေကြသူများဖြစ်၍ အထူးပင်လေးစားထိုက်ပါသည်။
ပညာရေးစံနစ်အပြောင်းအလဲတွင် ပါဝင်ဆောင်ရွက်ရန် ပိုင်းဖြတ်ပြီးပါက ထိုဆရာ၊ ဆရာမများအားဆရာအတတ်ပညာများကို သင်တန်းများနှင့်တက္ကသိုလ်ကောလိပ်များ တွင် ဆည်းပူးနိုင်ရန်တာဝန်ယူစီစဉ်ရပါမည်။
အသစ်ခန့်အပ်မည့် ဆရာ၊ ဆရာမများကို ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုများနှင့် ဆရာအတတ်ပညာများကိုဦးစွာ ဆည်းပူးလေ့လာပြီးမှ ခန့်အပ်သင့်ပါသည်။
ဆရာအတတ်ပညာ ဘာသာရပ်များကို နှစ်မျိုးနှစ်စားဖွင့်လှစ်နိုင်ပါသည်။ (၁) ပညာရေးဘာသာရပ် ပထမဘွဲ့ (ဥပမာ- B.Ed) နှင့် (၂) ဘွဲ့လွန်ပညာရေးဒီပလိုမာ (Post-Graduate Diploma)။ မိမိဝါသနာပါရာပညာရေး အဆင့်အတွက် ရွေးချယ်သင်ယူသင့်ပါသည် (ဥပမာ - မူလတန်းအဆင့်ဆရာအတတ်ပညာနှင့် အလယ်တန်း၊ အထက်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ ဆရာအတတ်ပညာ)။
ကျောင်းဆရာ၊ ဆရာမများအဖြစ်တာဝန်ထမ်း ဆောင်ရင်းအချိန်ပိုင်းပညာဆည်းပူးနိုင်ခွင့်ကိုလည်း ပေးသင့်ပါသည်။ B.Ed နှင့် ဘွဲ့လွန်ဒီပလိုမာရပြီးသူများသည် M.Ed, Ed.D နှင့် Ph.D ဘွဲ့များအတွက် ဆက် လက်ပညာဆည်းပူးရန် အားပေးသင့်ပါသည်။ အခါအားလျော်စွာ လုပ်ငန်းခွင် သင်တန်း (In-Service Teacher Training) များကိုလည်း ပေးသင့်ပါသည်။
ပညာရေးဆိုင်ရာဘွဲ့များရရှိပြီးနောက် ကျောင်းဆရာအလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုလိုပါက ဆရာဝန်၊ ရှေ့နေလိုင်စင်များကဲ့သို့ ပညာရေးအသက်မွေးမှုဆိုင်ရာ လိုင်စင်များ လျှောက်ထား၊ ခန့်အပ်သည့်စံနစ်ရှိသင့် ပါသည်။ ဆရာ၊ ဆရာမများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာအရည်အချင်းများမြှင့်တင်ပြီး ခံစားခွင့်လစာကို လည်း အခြားအသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရှင်များကဲ့သို့ ချီးမြှင့်ထိုက်ပါသည်။

၁၄။ အထက်တန်းပညာရေး (Higher Education)
တက္ကသိုလ်ပညာရေးကို အခြေခံမှစ၍ပြုပြင်ရန်လိုအပ်သည်။ တက္ကသိုလ်ဖွဲ့စည်းပုံ၊ အုပ်ချုပ် ရေး၊ တက္ကသိုလ်ဝင်ခွင့်၊ သင်ကြားနည်းစံနစ်၊ သုတေသနနှင့်နိုင်ငံတကာတက္ကသိုလ်များနှင့်ဆက်သွယ်ရေးစသည်တို့ကို စတင်ပြုပြင်သင့် သည်။ လက်ရှိတက္ကသိုလ်များသည် ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ စိုက်ပျိုးရေး တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်စသဖြင့် ဘာသာရပ်တစ်ခုလျှင် တက္ကသိုလ်တစ်ခု ဖွင့်လှစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက အုပ်ချုပ်သည်။ တက္ကသိုလ်တစ်ခုသည် ဘာသာရပ်မျိုးစုံသင်ကြားသည့် ပညာဆည်းပူးရာဌာနဖြစ်သင့်သည်။
တက္ကသိုလ်တစ်ခုတွင် ဘာသာရပ်မျိုးစုံသင်ကြားခြင်းအားဖြင့် နောင်တချိန် တိုင်းပြည်၏ကဏ္ဍအသီးသီးတွင် တာဝန်ယူကြမည့်သူများတက္ကသိုလ်တွင် တွေ့ဆုံရင်းနှီးခွင့်အတွေ့အကြုံအသိ အမြင်များ ဖလှယ်ခွင့်ရရှိကြမည်။
တက္ကသိုလ်များကို ဗဟိုမှချုပ်ကိုင်သောအုပ်ချုပ်ရေးစံနစ်အစား တက္ကသိုလ်တစ်ခုချင်းအလိုက်တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီဖြင့် အုပ်ချုပ်စေသင့်သည်။ ၀န်ကြီးဌာနမှ ဘဏ္ဍာရေးနှင့်အရည်အသွေးမြှင့်မားရေးအတွက် ပံ့ပိုးကူညီမှုများကိုဆောင်ရွက်သင့်သည်။
မြန်မာနိုင်ငံတက္ကသိုလ်များ၏အုပ်ချုပ်ရေးသည် စစ်တပ်ဖွဲ့စည်းပုံနှင့် အလားသဏ္ဍာန်တူနေသည်။ ပါမောက္ခများကို အုပ်ချုပ်ရန် ပါမောက္ခချုပ်ခန့်အပ်ခြင်းသည် စစ်ဗိုလ်များကို အုပ်ချုပ်သော ဗိုလ်ချုပ်ရာထူးနှင့်တူနေသည်။ ပါမောက္ခတစ်ဦးသည် သက်ဆိုင်ရာဘာသာရပ်တွင် အမြင့်ဆုံး ဖြစ်ရမည်။ ဘဏ္ဍာရေး ရာထူးခန့်ထားရေး စသည်တို့ကိုဆောင်ရွက်ရန် စီမံခန့်ခွဲမှုကျွမ်းကျင်သူကသာ အုပ်ချုပ် ရေးမှူး (Academic Dean) အဖြစ် တာဝန်ယူနိုင်သည်။
တက္ကသိုလ်ဝင်ခွင့်ကို ဆယ်တန်းစာမေးပွဲအမှတ်အနည်းအများဖြင့် ဘာသာရပ်ခွဲခြားပေးခြင်းသည် မသင့်လျော်ပါ။ စိတ်ဝင်စားမှုမရှိသောဘာသာရပ်ကို သင်ယူစေခြင်းသည် အကျိုးမရှိပါ။ အခြေခံပညာပြီးဆုံးသူများသည် တက္ကသိုလ်တွင် မိမိဝါသနာပါရာဘာသာရပ်အတွက် ၀င်ခွင့်စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရှိသင့်သည်။ ကျောင်းသားက လည်း မိမိသင်ယူလိုသည့် ဘာသာရပ်အတွက်လိုအပ်သောအရည်အချင်းပြည့်မီအောင် ကြိုးစားရပါမည်။
တက္ကသိုလ်ပညာသည် သုတေသနအပေါ်အခြေခံသင့်သည်။ မိမိလေ့လာနေသောဘာသာရပ်အတွက် အခြား လေ့လာထားသူများရေးသားထားသည့် စာအုပ်စာတမ်းများလည်း အလုံအလောက်ရှိသင့်သည်။ သုတေသန တွေ့ရှိချက်များကိုလည်း လွတ်လပ်စွာထုတ်ဖော်ခွင့် (academic freedom) ရှိရပါမည်။ ထို့ပြင်တက္ကသိုလ် တစ်ခုသည် နိုင်ငံတကာတက္ကသိုလ်များနှင့် လွတ်လပ်စွာဆက်သွယ်၍ ပညာရပ်ဆိုင်ရာဆွေးနွေးမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများ လွတ်လပ်စွာလုပ်ဆောင်ခွင့်ရှိရပါမည်။
အငြိမ်းစားပါမောက္ခတစ်ဦးဖြစ်သော ဒေါက်တာတင်လှိုင် (ဖိုးလှိုင်)က မြန်မာနိုင်ငံတက္ကသိုလ်များ နိုင်ငံတကာ အဆင့်မီရေးအတွက် အမျိုးသားတက္ကသိုလ်တစ်ခုကို စံပြထူထောင်ရန် အကြံပြုထားပါသည်။ သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ စင်္ကာပူ အမျိုးသားတက္ကသိုလ်များကဲ့သို့အရည်အချင်းပြည့်ဝပြီး၊ နိုင်ငံဂုဏ်ဆောင်နိုင်သည့် တက္ကသိုလ်တစ်ခုကို အောင်မြင်စွာထူထောင်နိုင်လျှင် ဤတက္ကသိုလ်ကို နမူနာယူ၍အခြားတက္ကသိုလ်များလည်း ပြုပြင်ပြောင်းလဲမှုလုပ်နိုင်ရန် ရည်ရွယ်ပါသည်။ လက်တွေ့အကောင်အထည်ဖော်နိုင်သည့် အကြံပြုချက်ဖြစ်၍ စဉ်းစားဆောင်ရွက်သင့်ပါသည်။

၁၅။ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရေး
     (Vocational Education)
ဖွံ့ဖြိုးတိုးတက်လာမည့်စီးပွားရေးလုပ်ငန်းများနှင့် အံဝင်ခွင်ကျဖြစ်သော အသက်မွေးဝမ်းကြောင်းပညာရေးကို မြှင့် တင်ရန်လိုအပ်ပါသည်။ မသင်မနေရပညာရေးကို အနိမ့်ဆုံး အသက် ၁၄ နှစ်အထိသတ်မှတ်ပြီး၊ မသင်မနေရ ပညာရေးပြီးဆုံးပါက အသက်မွေးဝမ်းကြောင်းဆိုင်ရာဘာသာရပ်များ သင်ယူနိုင်အောင်လမ်းဖွင့်ပေးသင့်သည်။ အဆိုပါ အသက်မွေးဝမ်းကြောင်းပညာများသည် သဘောတရားနှင့်ကျွမ်းကျင်မှုကို ပေါင်းစပ်သင်ကြားပေးရပါမည်။
ရည်ရွယ်ချက်မှာ လုပ်ငန်းခွင်တွင်လည်းကျွမ်းကျင်သူများဖြစ်ပြီး အထက်တန်းပညာရပ်များ ဆက်လက်ဆည်းပူးရန် အတွက်လည်း အခြေခံကောင်းများရရှိရန်ဖြစ်ပါသည်။ အထက်တန်းပညာရပ်များဆက်လက်သင်ယူနိုင်အောင်လည်း လမ်းဖွင့်ပေးရပါမည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အားပေးနိုင်ရန်အတွက် ကျေးလက်ဒေသလုပ်ငန်းများနှင့် ကုန်ကြမ်းများကိုအခြေခံ သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် ဒေသအသီးသီးတွင် Community Collegeများ ဖွင့်လှစ် သင်ကြားရန်စဉ်းစားသင့်ပါသည်။
အဆိုပါကောလိပ်များသည် အရွယ်ရောက်ပြီးသူများအတွက် ပညာရေးသင်တန်း အမျိုးမျိုးကိုလည်း ပို့ချနိုင်ပါမည်။
အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရေးကဏ္ဍအတွက် အလုပ်သမားဝန်ကြီးဌာန၊ ကဏ္ဍအသီးသီးတွင် ကျွမ်းကျင် သူများ၊ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များပါဝင်သောကော်မတီဖြင့်ဆောင်ရွက်လျှင် အချိတ်အဆက်ရှိရှိ ဆောင်ရွက်နိုင်ပါမည်။

၎.၁၂.၂၀၁၂

ဒေါက်တာသိန်းလွင်

-------------------
http://www.maukkha.org/index.php/universities-maukkha/thesis-maukkha/1937-maukkha-dr-thein-lwins-paper-for-educational-reform

0 comments:

Post a Comment